NP News

ပြည်တွင်းထုတ်ဖိနပ်များ ထိုင်းသို့တင်ပို့နေရသော်လည်း လမ်းပိုင်းလုံခြုံရေးအခြေအနေကြောင့် ပြန်လှည့်လာရ ခြင်းမျိုးရှိနေ

ထိုက်စံ (NP News) - နိုဝင်ဘာ ၇

ပြည်တွင်းထုတ်ဖိနပ်များ ထိုင်းသို့တင်ပို့နေရသော်လည်း လမ်းပိုင်းလုံခြုံရေးအခြေအနေကြောင့် ပြန်လှည့်လာရ ခြင်း မျိုးရှိနေကြောင်း ဖိနပ်လုပ်ငန်းရှင်တစ်ဦးမှ NP News သို့ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ သိန်းနှင့်ချီသော မြန်မာလုပ်သားများသွားရောက်အလုပ်လုပ်ကိုင်မှုများ ရှိနေပြီး အဆိုပါ ထိုင်းရောက်မြန်မာလုပ်သားများအတွက် ပြည်တွင်းထုတ်ဖိနပ်များ တင်ပို့ပေးနေရကြောင်း သိရသည်။
“ထိုင်းမှာ မြန်မာလုပ်သားက များတယ်လေ။ ထိုင်းမှာက ဖိနပ်တွေရောင်းရတယ်။ သူတို့မိသားစုတွေရှိမယ်။ ကလေးတွေရှိမယ်။ သူတို့ အကုန်စီးလို့ရတယ်ပေါ့။ အခုက ပို့ဖို့ ဘယ်လမ်းကြောင်းမှ အဆင်မပြေဘူး။ ဥပမာ ထိုင်းကို ပို့မယ်ဆိုလည်း လမ်းကြောင်းတွေက အဆင်မပြေဘူး။ လုံခြုံရေးအရ သွားလို့လာလို့ မကောင်းဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရန်သွားသည့် ဖိနပ်ကား(၃)စီးသည် လမ်းကြောင်း၌ လုံခြုံရေး အခြေအနေကြောင့် တင်ပို့နိုင်ခြင်းမရှိကာ ပြန်လှည့်လာရကြောင်း ၎င်းက ဆိုသည်။

“ဖိနပ် ဗဟိုချုပ်ကနေပြီးတော့ ထားဝယ်ကို ဈေးရောင်းကားတွေ လွှတ်လိုက်တယ်(၃)စီး။ ပြည်တွင်းဖြစ် ဖိနပ်တွေ။ အဲဒီမှာ တိုက်ပွဲဖြစ်နေတော့ ပြန်လှည့်လာတယ်။ ထားဝယ်ကနေ ထိုင်းဘက်ကို ပို့တာပေါ့။ ထိုင်းဘက်မှာ မြန်မာ လုပ်သားတွေ ရှိတယ်လေ။ သူတို့ပို့နေကြ ဖောက်သည်တွေပေါ့။ ပို့ဖို့သွားတော့ မော်လမြိုင်လည်း ကျော်ရော အဲဒီမှာ တိုက်ပွဲဖြစ်နေတယ်။ တာဝန်ရှိသူတွေကပြောတော့ သွားလို့ မရတော့ဘူး။ အဲဒီတော့ ကား(၃)စီးလုံး ပြန်လှည့်လာရတာ။ မကြာသေးဘူး တစ်နေ့ကမှ ဟုတ်တယ်။ သွားရေးလာရေး ကလုံခြုံမှုမရှိတော့ ရောင်းဝယ် ရေးက မကောင်းဘူးပေါ့ သွားပို့ရတာ။ အဲဒီလိုအခက်အခဲတွေ ရှိတာပေါ့။ ဟိုမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေက သန်းနဲ့ချီရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တင်ပို့နိုင်ခြင်းမရှိဘဲ ရပ်နားထားရပြီး လမ်းကြောင်း၌ လုံခြုံရေးအခြေအနေကောင်းမွန်မှသာ ပြန်လည် တင်ပို့မည်ဖြစ်ကြောင်း သိသည်။
“ဘယ်ချိန်ပြန်ပို့ရမှာလည်း ဆိုတာတော့ စုံစမ်းရမှာပေါ့။ လမ်းကြောင်းကောင်းပြီးဆိုရင်တော့ ပြန်ပို့မှာပေါ့။ အခြေအနေက တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတာကိုး” ဟု ၎င်းက ပြောသည်။
ဖိနပ်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိတွင် ဖိနပ်ထုတ်လုပ်မှု၌ အကြောင်းအမျိုုးမျိုးကြောင့် ထုတ်လုပ်မှု အားနည်းနေကြောင်း ၎င်းက ပြောသည်။
“အခုလောလောဆယ်ကတော့ ကျွန်တော်တို့က ပြည်တွင်းထုတ်လုပ်မှုအားလည်း နည်းနည်းကျနေတယ်။ ကျနေတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။ အခုက ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း လုပ်ပေးနေ တယ်။ ကျွန်တော်တို့ ဖိနပ်လုပ်ငန်း(၁၂၂)ဦးအတွက်။ ကြည့်ရတာ(၁၂)လပိုင်းဆိုရင်တော့ ဖိနပ်တွေ စုပေါင်း လုပ်လို့ရတဲ့နေရာလေး ရလာပြီဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ဘင်္ဂလားဒေရှ့်ကို သွားမယ်။ သွားပြီးတော့ သင်္ဘောနဲ့ တင်ပို့လို့ရအောင် စဉ်းစားမယ်။ အဲဒါလေး တင်ပြဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။

မူရင်းသတင်း — NP News