NP News

မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ဝင်ငွေခွန် (၂၅) ရာခိုင်နှုန်းလွဲရမည့်အချက်ကို ထိုင်းအစိုးရကန့်ကွက်ပြောဆို

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၇

ရွှေ့ပြောင်းလုပ်သားများမှ ၎င်းတို့၏ ဝင်ငွေ (၂၅) ရာခိုင်နှုန်းကို မိခင်နိုင်ငံသို့ပြန်လည်လွှဲပြောင်းရမည်ဆိုသည့် မြန်မာနိုင်ငံ၏ သတ်မှတ်ချက်သည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ဆန့်ကျင်နေကြောင်း ထိုင်းလုပ်သားရေးရာဝန်ကြီးက ကန့်ကွက်ပြောကြားလိုက်သည်။
အပြင် ထိုင်းအလုပ်သမားဝန်ကြီးကမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စခန်းများသည် ဆက်လက်လိုအပ်နေသေးကြောင်း ထပ်မံပြောဆိုခဲ့သည်။

ထိုင်းအလုပ်သမားရေးရာဝန်ကြီး ဂျူလာဖွန် အမွန်ဝိဝက် (Julapun Amornvivat) က ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် CI စာရွက်စာတမ်းများ လျှောက်ထားရာတွင် ဝင်ငွေ၏ (၂၅) ရာခိုင်နှုန်းကို လွှဲပြောင်းရန်နှင့် လွန်ခဲ့သော (၃) လမှ (၆)လအတွင်း လစာပေးချေမှုပြ ရေတွက်ချက် (payslips) များကို တင်ပြရမည်ဆိုသည့် မြန်မာနိုင်ငံ၏ သတ်မှတ်ချက်အပေါ် ထိုင်းနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီး ဂျူလာဖွန်က ၄င်းအနေဖြင့်အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာသံအမတ်ကြီးနှင့် နှစ်ကြိမ်တိုင်တိုင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ သတ်မှတ်ချက်များအပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုနှင့် ကန့်ကွက်မှုများကို ဖော်ပြရန် အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် မြန်မာသံရုံးထံသို့ တရားဝင်စာ ပေးပို့ရန် ပြင်ဆင်နေကြောင်းသိရသည်။အဆိုပါ အစီအမံများသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ တစ်ဦးချင်းအခွင့်အရေးများနှင့် မညီညွတ်ကြောင်း အဆိုပါလုပ်ငန်းစဉ်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြန်လည်ပြင်ဆင်ရန် မြန်မာနိုင်ငံအားဆက်လက်တိုက်တွန်းသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ သတ်မှတ်ချက်များအပေါ် စိုးရိမ်မှုများရှိနေသော်လည်း ရွှေ့ပြောင်းလုပ်သားများ၏ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုရာတွင် အသုံးပြုသည့် CI စခန်းများကို ထိုင်းနိုင်ငံက ဖျက်သိမ်းမည်မဟုတ်ကြောင်း ဝန်ကြီးဂျူလာဖွန်က ပြောကြားခဲ့သည်။

CI စနစ်အား ထိုင်းနိုင်ငံ၏ ပန်းရောင်အမှတ်အသားကတ်များဖြင့် အစားထိုးရန် အဆိုပြုချက်များနှင့်ပတ်သက်၍ ၎င်းက ပြန်လည်ဖြေကြားရာတွင် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုခြင်းသည် လုပ်သားများ၏ မိခင်နိုင်ငံမှ အမျိုးသားမှတ်ပုံတင် မှတ်တမ်းများ၊ အိမ်ထောင်စုစာရင်းနှင့် ဇီဝအချက်အလက်များ အပါအဝင် အတည်ပြုချက်များ လိုအပ်သည်ဟု ဆိုသည်။ ထိုင်း​အာဏာပိုင်များအနေဖြင့် လူပုဂ္ဂိုလ်များကို နောက်ယောင်ခံလိုက်ရန် ပိုမိုခက်ခဲစေခြင်းဖြင့်မည်သူမည်ဝါဖြစ်ကြောင်း လိမ်လည်မှုများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း ဝန်ကြီးက သတိပေးခဲ့သည်။

မူရင်းသတင်း — NP News