
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၇
သွင်းကုန်ကြိုတင်ငွေပေးချေမှု ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး စံပြုလုပ်ငန်းစဉ် (Standard Operating Procedure-SOP) ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငွေကြေးတည်ငြိမ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုတို့သည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုရရှိစေရန် ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်မှုမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်သကဲ့သို့ အစိုးရကဏ္ဍများ၊ AD လိုင်စင်ရဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။
သွင်းကုန်လုပ်ငန်းများအတွက် ကြိုတင်ငွေပေးချေမှု (Advance Payment) လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုစံပြုလုပ်ငန်းစဉ် (Standard Operating Procedure-SOP) ရေးဆွဲနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းဝယ်မှုများအား ထုတ်ပြန်ထားသောဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ၎င်းက ပြောကြားခဲ့သည်။
