
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၇
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၅) မိုင် (၄) ဖာလုံ တွင် ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက် (၁) နာရီဝန်းကျင်ခန့်က လမ်းကြောင်းပြောင်းပြန်မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးနှင့် ကားတိုက်မိပြီး (၁) ဦးသေဆုံးကာ (၃) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်သို့ သွားသည့်ဘက်ခြမ်းတွင် မီးဖွင့်ထားခြင်းမရှိဘဲ လမ်းကြောင်းပြောင်းပြန် မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို လမ်းကြောင်းမှန် မောင်းနှင်လာသည့် ယာဉ်တစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် (၂) စီးပေါ်ပါသူများအနက် (၁) ဦးသေဆုံးကာ (၃) ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်မောင်းနှင်သူများကို အမြန်လမ်းမကြီးပေါ်၌ မောင်းနှင်ခွင့်မရှိသည့် မော်တော်ဆိုင်ကယ်များကို စီးနင်းခြင်းနှင့် လမ်းကြောင်းပြောင်းပြန် မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းကိုလည်း အမှုဖွင့်ကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အမြန်လမ်းမကြီးများဥပဒေ အခန်း (၇)၊ ပုဒ်မ ၁၃ အရ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် ယာဉ်များ မောင်းနှင်ခြင်း၊ ရပ်နားခြင်းနှင့် လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းတို့ကြောင့် ထိခိုက်မှု (သို့မဟုတ်) သေဆုံးမှုဖြစ်ပွားပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမောင်းနှင်သည့် ယာဉ်မောင်းတွင် တာဝန်မရှိစေရဟု ပြဋ္ဌာန်းထားသော်လည်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်ပါက အဆိုပါဥပဒေ၏ အကာအကွယ်ကို ရရှိမည်မဟုတ်ဘဲ အခြားလမ်းများတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ခံရနိုင်ကြောင်း သိရသည်။
