NP News

ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ မဖြစ်မနေ ပြန်လာမည်ဟု ဝန်ကြီးချုပ်ဟောင်း ဟာစီနာ အတည်ပြုပြောကြား

ALynn (NP News)- နိုဝင်ဘာ ၇

ဆန္ဒပြသူများကို ဖြိုခွင်းခဲ့မှုကြောင့် သေမိန့် ကျမှတ်ခံထားရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက လာမည့် ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ မဖြစ်မနေ ပြန်လာမည်ဟု AP သတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့ကြောင်းသိရသည်။

ဟာစီနာသည် (၂၀၂၄) ခုနှစ်အတွင်းဖြစ်ပွားခဲ့သော လူထုအဓိကရုဏ်းများကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသူ ဖြစ်သည်။

ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် အာဏာစွန့်ခဲ့ရပြီးနောက် ဟာစီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ထိုစဉ်ကတည်းက စတင်ကာ ယနေ့အထိ အိန္ဒိယ၌ နေထိုင်လျက် ရှိသည်။

(၂၀၂၅) ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် အထူးခုံရုံးက လူအများအပြား သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ဖြိုခွဲမှုများကို စေခိုင်းခဲ့မှုအတွက် ၎င်းအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာအရ အဆိုပါ ဖြိုခွဲမှုများအတွင်း လူ (၁,၄၀၀) ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

သို့သော် ဟာစီနာက ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး အဆိုပါ ခုံရုံး၏ စီရင်ချက်နှင့် တရားဝင်မှု ကိုလည်း ပယ်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဟာစီနာအား လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အိန္ဒိယအစိုးရက ငြင်းဆန်ထားသည်။

ဒီဇင်ဘာလတွင် ပြန်လာမည့် အစီအစဉ်ကို ဟာစီနာက ဩဂုတ်လကတည်းက ကနဦး ထုတ်ဖော်ပြောကြားထားခဲ့ပြီးဖြစ်သည်။

"သေခြင်းတရားဟာ ကျွန်မရဲ့ ကံကြမ္မာဆိုရင် ကျွန်မရဲ့ တိုင်းပြည်၊ ကျွန်မရဲ့ လူမျိုးကြားမှာပဲ အသေခံချင်ပါတယ်။ ဒါကြောင့် ကျွန်မ ဘင်္ဂလားဒေ့ရှ်ကို ပြန်မှာပါ။ အဲဒီဆုံးဖြတ်ချက် ပြောင်းလဲစရာ မရှိပါဘူး" ဟု AP သတင်းဌာန၏ အီးမေးလ်မှတစ်ဆင့် မေးမြန်းမှုများကို ဟာစီနာက ပြန်လည်ဖြေကြားခဲ့သည်။

(၂၀၀၉) ခုနှစ်မှ (၂၀၂၄) ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟာစီနာသည် အိန္ဒိယမှ မည်သို့ပြန်လာမည်ဆိုသည့် အသေးစိတ် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ၎င်းအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရနိုင်ခြေ ရှိနေသည်။

“တိုင်းပြည်ကို ပြန်သွားရင် ဖမ်းဆီးခံရနိုင်တယ်၊ ထောင်ကျနိုင်တယ်၊ နှိပ်စက်ခံရနိုင်တယ်၊ ဒါမှမဟုတ် သတ်ဖြတ်ခံရနိုင်တယ်ဆိုတာ ကျွန်မသိပါတယ်။ အဲဒီဖြစ်နိုင်ခြေတွေကို လုံးဝ သတိပြုမိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ လူမျိုးတွေ ဒုက္ခရောက်နေတာကို အဝေးကနေ ကြည့်ပြီး အချိန်မကုန်ဆုံးချင်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဟာစီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်က ကြားဖြတ်အစိုးရကို ဖွဲ့စည်း၍ (၁၈) လကြာ နိုင်ငံကို အုပ်ချုပ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ တာရစ်ရာမန် က ပြတ်ပြတ်သားသား အနိုင်ရရှိကာ ဝန်ကြီးချုပ်ဖြစ်လာသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဟာစီနာ၏ အဝါမီလိဂ် ပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည်။

ဟာစီနာပြန်လာမည့် အစီအစဉ်သည် ၎င်း၏ ပါတီ ဖိနှိပ်ဖြိုခွဲခံနေရချိန်နှင့် တိုက်ဆိုင်နေသည်။ အဝါမီလိဂ်ပါတီမှာ ဆက်လက် ပိတ်ပင်ခံထားရပြီး ထိပ်ပိုင်းခေါင်းဆောင်များလည်း ဖမ်းဆီးခံရခြင်း ပြည်ပသို့ တိမ်းရှောင်ရခြင်းများနှင့် ရင်ဆိုင်နေရသည်။

(၂၀၂၄) ခုနှစ် ဩဂုတ်လမှစ၍ ၎င်းတို့ပါတီဝင် အနည်းဆုံး (၂၀,၀၀၀) ခန့် သတ်ဖြတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာ ဖမ်းဆီးနှိပ်စက်ခံရခြင်း သို့မဟုတ် ပုန်းအောင်းနေရကြောင်း ဟာစီနာက စွပ်စွဲထားသည်။

နိုင်ငံခြားအကူအညီနှင့် ပတ်သက်၍ ဟာစီနာက ၎င်းအနေဖြင့် အမေရိကန် သို့မဟုတ် အိန္ဒိယကဲ့သို့သော နိုင်ငံများထံမှ အကာအကွယ် တောင်းခံမည်မဟုတ်ကြောင်းနှင့် မိမိတိုင်းပြည်သို့ ပြန်ရန် ပြည်ပအာဏာပိုင်များ၏ အကူအညီ မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဒုတိယဝန်ကြီး ဟူမိုင်ယန် ကိုဘီယာ က ဟာစီနာကို တရားခံပြေးတစ်ဦးအဖြစ် သတ်မှတ်ထားပြီး အိန္ဒိယနှင့် ချုပ်ဆိုထားသော တရားခံလွှဲပြောင်းရေးစာချုပ်အရ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုမည်ဖြစ်ကြောင်းနှင့် ပြန်လာရန်အတွက် နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွားလာခွင့်စာရွက်စာတမ်းများ လိုအပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News