NP News

KIA တပ်သားနှင့် MNDAA တပ်သားတို့က အရပ်သားတစ်ဦးကို အပြင်းအထန် ဒဏ်ရာရသည်အထိ ရိုက်နှက်သည့်အပေါ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆို

သုတကျော် (NP News) - နိုဝင်ဘာ ၇

ဖုန်းခိုးသည်ဟု ဆိုကာ KIA တပ်သားနှင့် MNDAA တပ်သားတို့က အရပ်သားတစ်ဦးကို အပြင်းအထန် ဒဏ်ရာရသည်အထိ ရိုက်နှက်သည့်အပေါ် စုံစမ်းစစ်ဆေးပေးရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ယနေ့ (နိုဝင်ဘာလ ၇ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၆) ရက်နေ့တွင် နမ့်ဖက်ကာမြို့နယ်၊ မန်နိမ်းကျေးရွာအုပ်စု၊ မန်နိမ်းကျေးရွာ၌ KIA တပ်သားတစ်ဦးနှင့်MNDAAတပ်သားတစ်ဦးတို့က အသက်(၄၄)နှစ်အရွယ် ဦးအိုက်တုန်၏ နေအိမ်တွင် ဖုန်းအားသွင်းကာ ထွက်သွားပြီးနောက် ပြန်အလာ ဖုန်းမတွေ့သေးကြောင့် ဖုန်းခိုးသည်ဟု စွပ်စွဲ၍ ၎င်းကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နမ့်ဖက်ကာဆေးရုံတွင် ဆေးကုသမှုခံနေရသည့်အပြင် ကလေးငယ်ချီထားသည့်ဇနီးကိုလည်း တုတ်ဖြင့်ရွယ်၍ ခြိမ်းခြောက်ခဲ့သည့်လုပ်ရပ်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကန့်ကွက်ရှုတ်ချကြောင်း စာတွင် ဖော်ပြထားသည်။

လက်နက်ကိုင်အဖွဲ့များသည် ထိန်းချုပ်ရာဒေသအတွင်းရှိ နေထိုင်ကြသည့် အရပ်သားပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်များနှင့် အသက်လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ရမည့် တာဝန်ရှိကြောင်း၊ သို့သော် ယခုကဲ့သို့ အရပ်သားပြည်သူတစ်ဦးအား ကိုယ်ထိလက်ရောက်အကြမ်းဖက်ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းသည် လက်ခံ နိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ အသက်ရှင်သန်ရေးနှင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ပြီး ဥပဒေမဲ့လုပ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

ထို့ကြောင့် KIO/KIA နှင့် MNTJP/MNDAA တပ်ဖွဲ့တို့အနေဖြင့် ဦးအိုက်တုန်အပေါ် လူ့အခွင့်အရေး ကျူးလွန်ခဲ့ သည့်တပ်သားနှစ်ဦး၏လုပ်ရပ်ကိုစုံစမ်းစစ်ဆေးရန်နှင့် ဥပဒေအရ ထိရောက်သည့် အပြစ်ပေးအရေးယူမှုများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးရန်၊ တရားမျှတမှု နှင့် သင့်လျော်သောကုစားမှုရရှိစေရန်အတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ရေးသားထားသည်။
ထို့ပြင် အရပ်သားပြည်သူလူထုအပေါ် လူ့အခွင့်အရေးနှင့် စီး၊လူ၊ယာဉ် ဆိုင်ရာအခွင့်အရေးများကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်မကျူးလွန်ရန် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်မှ တိုက်တွန်းတောင်းဆိုကြောင်းလည်း ဆိုထားသည်။

မူရင်းသတင်း — NP News