
ပုလဲ (NP News) - နိုဝင်ဘာ ၈
စက်ရုံ၊ အလုပ်ရုံများရှိ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) များကို ဥပဒေနှင့်အညီ မှန်ကန်စွာ ရွေးချယ်ဖွဲ့စည်း နိုင်ရေးနှင့် အလုပ်သမားကိုယ်စားလှယ်များ လွတ်လပ်မျှတစွာ ရွေးချယ်နိုင်ရေးအတွက် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက ပါဝင်ကြီးကြပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၌ ကျင်းပပြု လုပ်ခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပြောကြားခဲ့သည့်အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များအရ WCC အဖွဲ့ကို အလုပ်သမားကိုယ်စားလှယ် သုံးဦးနှင့် အလုပ်ရှင် ကိုယ်စားလှယ် သုံးဦး စုစုပေါင်း ခြောက်ဦးဖြင့် ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားကြောင်း သိရသည်။
သို့သော် အချို့စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားများကိုယ်တိုင် WCC ဖွဲ့စည်းရေးအပေါ် စိတ်ဝင်စားမှု မရှိကြောင်း ၊ အချို့စက်ရုံများတွင် အလုပ်ရှင်ဘက်က ကြိုတင်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များအနက်မှ သုံးဦးကို မဲပေးရွေးချယ်စေသည့် ပုံစံများလည်း ရှိနေပြီး ယင်းလုပ်ထုံးလုပ်နည်းသည် ဥပဒေနှင့်မညီသည့်အပြင် အလုပ်သမားများ၏ ဆန္ဒအမှန်ကို ကိုယ်စားပြုနိုင်ခြင်းမရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ထည့်သွင်းပြောကြားခဲ့သည်။
“စက်ရုံအချို့မှာ အခြေအနေအရ အလုပ်သမားတွေ ကိုယ်တိုင်ကလည်း WCC ကို စိတ်ဝင်စားမှု မရှိတဲ့ အခါကျတော့ ဖွဲ့စည်းတဲ့နေရာမှာ ကိုယ်တိုင် မပါဘူး။ အဲဒီတော့ အလုပ်ရှင်ကပဲ သင့်တော်သလိုလုပ်နေရတဲ့ အနေအထား။ အချို့စက်ရုံတွေမှာ ဘာလဲဆိုတော့ မဲပေးတာကျတော့ ဝိနည်းလွတ် လုပ်တယ်။ ဒါပေမဲ့ သူက ကြိုတင် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ခြောက်ယောက်ကို မဲပေးခိုင်းပြီးတော့ ခြောက်ယောက်ထဲက သုံးယောက်ရွေးတဲ့ စနစ် လုပ်နေကြတာ ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒါသည် ဥပဒေနဲ့မညီဘူး ပထမအချက်။ ဒုတိယ အချက် ကတော့ ဘာလဲဆိုတော့ အဲဒီလို လုပ်ခြင်းအားဖြင့် ဒီကိုယ်စားလှယ်တွေက အလုပ်သမားတွေရဲ့ကဏ္ဍအရေးရာကို တိတိကျကျ မလုပ်နိုင်ဘူး။ သူက အလုပ်သမားတွေ ရွေးချယ်တဲ့ ကိုယ်စားလှယ် စစ်စစ်မဟုတ်ဘူး” ဟု ပြောသည်။
အဆိုပါအခြေအနေများကို ကာကွယ်နိုင်ရန် WCC သက်တမ်းနှစ်နှစ်ပြည့်၍ အဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းသည့် အခါနှင့် အလုပ်သမားကိုယ်စားလှယ်တစ်ဦး လစ်လပ်သွား၍ အစားထိုးရွေးချယ်သည့်အခါများတွင် မြို့နယ် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းများကိုယ်တိုင် ပါဝင်ကြီးကြပ်ကာ မှန်ကန်စွာ ရွေးချယ်နိုင် ရေး ဆောင်ရွက်ပေးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
“အဲဒါတွေအတွက်ကို ကျွန်တော်တို့ ဥပဒေ ပါအတိုင်း သက်တမ်း(၂)နှစ်ပြည့်လို့ WCC အသစ်ဖွဲ့စည်းတဲ့ အခြေအနေ မှာ၊ နောက်တစ်ခုက WCC အလုပ်သမားကိုယ်စားလှယ် တစ်ယောက်က အကြောင်းတရားခုခုကြောင့် လစ်လပ် သွားရင် အစားထိုးရွေးချယ်တဲ့အချိန်တွေကျရင် ကျွန်တော်တို့မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက အရာထမ်းကိုယ်တိုင် အဲဒီမှာ ပါဝင်ကြီးကြပ်ပြီးတော့ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ လုပ်နေပါတယ်” ဟု ပြောသည်။
အလားတူ WCC အဖွဲ့ဝင်များ၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ပြီး အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် သက်ဆိုင်ရာဥပဒေများကို ရှင်းလင်းသင်ကြားပေးခြင်း၊ လုပ်ငန်းခွင်အတွင်း လက်တွေ့ကြုံတွေ့နိုင်သည့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အလုပ်သမားများအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်များကို သမာသမတ်ကျကျ ရွေးချယ်တတ်စေရန် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားအငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အလုပ်ရှင်များနှင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
