
စော (NP News) - နိုဝင်ဘာ ၈
နိုင်ငံခြားငွေဈေးတည်ငြိမ်စေရန် သွင်းကုန်ပစ္စည်းများအတွက် ကြိုတင်ငွေပေးချေခြင်း ခွင့်ပြုသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ (၄)ရက်က အသိပေးထုတ်ပြန်သည့်အပေါ် ကြိုဆိုကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက NP News ကိုပြောသည်။
ထိုသို့ခွင့်ပြုသည့်ရည်ရွယ်ချက်မှာ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်တင်သွင်းသူ (Importer) များအတွက် လိုအပ်သော နိုင်ငံခြား ငွေကို အချိန်မီရရှိစေရန်၊ ပြည်ပ Supplier များထံ ငွေပေးချေမှု နောက်ကျခြင်းကို လျှော့ချရန်၊ နိုင်ငံခြားငွေကို အမှန်တကယ်လိုအပ်သည့် ကုန်သွယ်မှု လုပ်ငန်းများအတွက် ဦးစားပေးခွဲဝေပေးရန်၊ ငွေလဲ လှယ်နှုန်းအတက်အကျအပေါ် ဖိအားမဖြစ်စေဘဲ နိုင်ငံခြား ငွေဈေးကွက်ကို တည်ငြိမ်စေရန်အတွက်ဖြစ် ကြောင်း သိရသည်။
“တကယ်က အဲဒါဖြေလိုက်တာကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်မြေပြင်မှာပေါ့ နော်။ ကြိုပြီးတော့ ငွေလွှဲရတယ်။ တခြားတစ်လမ်းက ငွေလွှဲရတယ်။ ပြီးရင် အဲဒီပိုက်ဆံကိုပြန်ယူတယ်ဆို တော့ အဲဒီမှာလုပ်ငန်းရှင်တွေက Charge တွေရှိတယ်လေ။ ငွေလွှဲတာတို့၊ ပြန်ယူတာတို့ တစ်ဆရင်း ရမယ့်နေရာ နှစ်ဆရင်းရတယ်။ အဲဒီလိုလုပ်ထားတော့ ဆိုတော့သူတို့က ပုံမှန်ဆိုရင် ဒီဘက်ဆိပ်ကမ်းကို ရောက်တော့မှ (၁၀ဝ)ရာခိုင်နှုန်းလွှဲခိုင်းတာ။ (၁၀ဝ) ရာခိုင်နှုန်း လွှဲခိုင်း တယ်ဆိုတော့ အဲဒီကြားထဲမှာ (၁၀ဝ)ရာခိုင်နှုန်းလုပ်ငန်းရှင်က ဟိုဘက်မှာ အောက် လမ်းနဲ့လွှဲလိုက်ရတာ။ လွှဲလိုက် တော့ တစ်ကြောင်းစာ ပိုသွားတာပေါ့နော်။ ပိုသွားပြီးတော့ အဲဒီပိုက်ဆံပြန် သယ်ရမယ့်ဟာနဲ့ ဝန်ဆောင်ခတွေနဲ့ နှစ်ဆရင်းရတော့ နောက်ဆုံး End user ကများတယ်။ ဒီဟာက ကြိုဆို ရမယ့်ဟာ၊ ဒီဟာက အရမ်းကောင်းတယ် ဒီစနစ်မျိုး ပေးလိုက်တာကလေ”ဟု ၎င်းက ပြောသည်။
ယခင် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရာ၌ Bill of Lading (B/L) ဖြင့် ဆောင် ရွက်ခွင့်ပြုခဲ့ပြီး (၂၀၂၁) ခုနှစ် နောက်ပိုင်းမှသာ Letter of Credit (L/C) စနစ်ကို စတင်ကျင့်သုံးလာခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လက်ရှိတွင် ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
“နိုင်ငံတကာမှာ တော်ရုံတန်ရုံ ယုံကြည်မှု မရှိဘဲနဲ့ ဘယ်သူမှအဲဒီလိုမျိုး ငွေချေမှုစနစ်မလုပ်ဘူး။ သင်္ဘောက ထွက်သွားပြီလေ။ သင်္ဘောစထွက်မယ် ဆိုတော့မှ ငွေစပေးရမယ်ဆို တော်ရုံဘယ်သူမှမယုံ ကြည်ဘူး။ ဒါက အရမ်းယုံတဲ့ Trust ရှိမှ Business Partner ဖြစ်နေမှသာလျှင်ပေးမှာ။ အဲဒီလိုဖြစ်တဲ့အ ခါကျတော့ တကယ် ပစ္စည်းဝယ်ရင် စရန်ပေးရ တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ပြည်ပမှတင်သွင်းသည့်သွင်း ကုန်များအတွက် ငွေပေးချေမှုနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင်ခွင့်ပြု ချက်ရရှိပြီးပါက ပထမအရစ်အ ဖြစ် လိုင်စင်ပါတန်ဖိုး၏ (၃၀)ရာခိုင်နှုန်း၊ သင်္ဘော တင်စာရွက်စာတမ်းအထောက်အထား (B/L) တင်ပြ လာပါက ဒုတိယအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ (၄၀)ရာခိုင်နှုန်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကို စိစစ်ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ထို့ပြင် သွင်းကုန်ကြေညာလွှာ (ID) ကို တင်ပြလာပါက တတိယအရစ်အဖြစ် ကျန်ရှိသည့် လိုင်စင်ပါတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းကိုလည်း နိုင်ငံတော်၏လိုအပ်သောသွင်းကုန်ပစ္စည်းများအတွက် စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
ယခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလ (၅)ရက်အထိ FX Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှ တစ်ဆင့် အမေရိကန်ဒေါ်လာ (၂၂၂၁ ဒသမ ၂) သန်း၊ တရုတ်ယွမ် (၁၉၀၇ ဒသမ ၁)သန်း၊ ထိုင်းဘတ် (၆၇၁၂ ဒသမ ၈) သန်း၊ အိန္ဒိယ ရူပီး(၇၄ ဒသမ ၅)သန်းခန့်တို့ကို သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
