NP News

HADR-2026 သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလေ့ကျင့်ခန်းသို့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်

သန့်မင်းအိမ် (NP News) - နိုဝင်ဘာ ၈

အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာအဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ခန်း HADR-2026 သို့ မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလေ့ကျင့်ခန်းကို Ex Rahat Mitra အမည်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ရှိ Tamil Nadu and Puducherry Naval Area တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့ကျင့်ခန်းစတင်မည့် နိုဝင်ဘာ (၄) ရက် နေ့လယ်ပိုင်းတွင် အိန္ဒိယတပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ချန်နိုင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ခန်းအတွင်း အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ပုံကို ရှင်းလင်းပြသခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့က လေ့လာခဲ့ကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကလည်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ၌ မြန်မာ့တပ်မတော်၏ ပါဝင်ဆောင်ရွက်မှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားမှုကို အခြေခံသည့် စားပွဲတင်လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် တမီးလ်နာဒူးနှင့် ပူဒူချယ်ရီရေတပ်ဌာနချုပ်ရှိ Flag Officer Commanding Tamil Nadu and Puducherry Naval Area (FOTNA) မှ Rear Admiral Upal Kundu, VSM နှင့်လည်း တွေ့ဆုံဂါရဝပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်တွေ့သရုပ်ပြအစီအစဉ်များတွင် ရေဘေးကယ်ဆယ်ရေးအဖွဲ့ (Flood Relief Column) ၏ တာဝန်နှင့် ဖွဲ့စည်းပုံ၊ ဒရုန်းအသုံးပြု ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အင်ဂျင်နီယာလုပ်ငန်းတာဝန်အဖွဲ့ (Engineering Task Force) ၏ လုပ်ငန်းဆောင်ရွက်ပုံတို့ကို ပြသခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသများ၌ ယာယီတံတားတည်ဆောက်ခြင်း၊ အတားအဆီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် HADR Bricks ဟုခေါ်သည့် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ခင်းကျင်းပြသမှုများကိုလည်း လေ့လာခဲ့ကြကြောင်းသိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့် ဘေးဒဏ်သင့်ပြည်သူများအတွက် ယာယီနေထိုင်ရေးအထောက်အကူပစ္စည်းများ၊ စုပေါင်းမီးဖိုချောင်သုံးပစ္စည်းများ၊ အစားအစာများ၊ ဆက်သွယ်ရေးကိရိယာများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ တစ်ဦးချင်းသုံးပစ္စည်းများကိုလည်း ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။

ထို့အပြင် Advanced Light Utility Helicopter တွင် လူနာနှင့် ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေး စီစဉ်ထားရှိမှု၊ Field Hospital နှင့် MI Room တို့ဖြင့် အရေးပေါ်ဆေးကုသမှုပေးနိုင်ရေး ပြင်ဆင်ထားမှုများကိုလည်း ပြသခဲ့ကြကြောင်းသိရသည်။
လေကြောင်းနှင့် ပင်လယ်ပြင်အခြေပြု ကယ်ဆယ်ရေးသရုပ်ပြမှုများတွင် အိန္ဒိယရေတပ်၏ Chetak ရဟတ်ယာဉ်ဖြင့် ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ခြင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ လေကြောင်းမှချပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အိန္ဒိယလေတပ်၏ ALH ရဟတ်ယာဉ်ဖြင့်လည်း ကမ်းရိုးတန်းတစ်လျှောက် ရှာဖွေကယ်ဆယ်ခြင်း၊ လူနာများကို လူနာထမ်းစင်နှင့် Hoisting Motor အသုံးပြုကာ ရဟတ်ယာဉ်ပေါ်သို့ တင်ဆောင်ခြင်း၊ ပြန်လည်ချခြင်းနှင့် ဆေးရုံသို့ လေကြောင်းမှ ပို့ဆောင်ခြင်းတို့ကိုလက်တွေ့သရုပ်ပြခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ လေ့ကျင့်ခန်းအစီအစဉ်များအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယစစ်ရေယာဉ်ပေါ်၌ ညစာစားပွဲဖြင့်ဧည့်ခံခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ (၈) ရက် နေ့လယ်ပိုင်းတွင် အိန္ဒိယတပ်မတော်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — NP News