
ပုလဲ(NP News) - နိုဝင်ဘာ ၈
အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကို လုံးဝရှောင်ကြဉ်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယမန်နေ့ (နိုဝင်ဘာ ၇ရက်) က ကျင်းပသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ထည့်သွင်းမှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ခိုင်မာစေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးပါကြောင်း နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်၏အခြေခံ သဘောတရားများဖြစ်သော တရားဥပဒေနှင့်အညီဆောင်ရွက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရေး၊ ထိရောက်မြန်ဆန်ရေး၊ အများပြည်သူ၏အကျိုးစီးပွားကို ဦးစားပေးရေးတို့ကို လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင်အလေး ထားကျင့်သုံးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးအရာရှိများ အနေဖြင့်လည်း နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို မှန်ကန်စွာနားလည်သဘောပေါက်ပြီး မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းတာဝန်များ အတွင်းမှ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားခဲသည်။
ထို့ပြင် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်သက်ဆိုင်ရာဌာနများ၏လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကိုဖော်ထုတ် တင်ပြခြင်းနှင့် အုပ်ချုပ်ရေးဝန်ထမ်းများသည် မိမိတို့ကိုအပ်နှင်းထားသော ရာထူးနှင့် လုပ်ပိုင်ခွင့်များကို ပြည်သူ့အကျိုးအတွက်သာ အသုံးပြုရမှာဖြစ်ပြီး ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် အသုံးချခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကို လုံးဝရှောင်ကြဉ်ရန် မှာကြားခဲ့ကြောင်း သိရသည်
ထို့အတူ အဂတိတရားကင်းရှင်းပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသည့် အုပ်ချုပ်ရေးစနစ်တည်ဆောက်ရန်၊ ခေတ်မီသတင်း အချက်အလက် နည်းပညာများကိုသင့်လျော်စွာ အသုံးချပြီး အုပ်ချုပ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှုကို မြှင့်တင်ရန်တို့ကို အလေးအနက်ထား ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။