
အနုပညာသတင်းတွေကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP News ရဲ့အပတ်စဉ် အနုပညာ ကဏ္ဍကနေ ‘ “မတန်မရာ” ကို ထိုက်တန်ကြောင်း ပြသခဲ့တယ်လို့ဆို၊ (၁၀)စုနှစ် ကျော် မျိုသိပ်မှုကိုဖွင့်ဟတဲ့ ဝါရင့် မင်းသမီးတစ်ဦး’ အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားပါမယ်။
အိဖြူ (NP News) - နိုဝင်ဘာ ၈
“မတန်မရာ” မဖြစ်ရအောင် အစွမ်းကုန်ကြိုးစားထားပါတယ်ဆိုတဲ့ မျိုးဆက်သစ် လူငယ်ဒါရိုက်တာ မင်းဆက်သစ်
မျိုးဆက်သစ် လူငယ်ဒါရိုက်တာမင်းဆက်သစ် ရိုက်ကူးဖန်တီးထားတဲ့ “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ (၆) ရက်ကစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျက်ရှိရာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသားဖြစ်တဲ့ နေတိုးနဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေးတို့ကို တွဲစပ်ရိုက်ကူးထားခြင်းက သူ့အတွက် တာဝန်ကြီးကြောင်း မင်းဆက်သစ်က ပြောခဲ့ပါတယ်။
အဲဒီရုပ်ရှင်ရိုက်ကူးဖို့ပြင်ဆင်ချိန်မှာ ဇာတ်ကားနာမည်အတိုင်း ဒါရိုက်တာအသစ်နဲ့ “မတန်မရာများဖြစ်နေ သလား” ဆိုတဲ့ အထင်သေးခံရမှုတွေ ရှိခဲ့ဖူးကြောင်းကို အခုလိုပဲရင်ဖွင့်ပြောပြလာပါတယ်။ “နေတိုး၊ ဖွေးဖွေး အတွဲကို ရိုက်ကူးတာက ကားနာမည်အတိုင်းပဲ မတန်မရာ ဖြစ်တယ်ဆိုတဲ့စကား၊ ဒီဒါရိုက်တာက မတန်မရာဖြစ်တယ်ဆိုပြီး အပြောခံခဲ့ရပါတယ်။ ဒီလိုအပြောခံခဲ့ရတဲ့ ခံစားချက်ကို ဘယ်လိုပြန်လည် အသုံးချမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ထိုက်တန်ကြောင်းကို ဘယ်လိုသက်သေပြမယ်ဆိုပြီး ဘယ်လိုအခက်အခဲပဲရှိရှိ၊ ဘယ်လိုအနှောင့်အယှက်ပဲရှိရှိ၊ ဘယ်လို အတားအဆီးပဲရှိရှိ ဒီရုပ်ရှင်ကားကို ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ပါတယ်။ မတန်မရာ ရုပ်ရှင်ဇာတ် ကားကြီး နာမည်အတိုင်းပဲ ကျွန်တော်သည် ကိုနေတိုး၊ မဖွေးဖွေး အတွဲကို ရိုက်ကူးခဲ့တာက မတန်မရာဖြစ် နေရဲ့လား /ထိုက် ထိုက်တန်တန်ဖြစ်ရဲ့လားဆိုတာ ကျွန်တော့်ကို အများကြီးသုံးသပ်ပေးပါဦး၊ အများကြီး စောင့်ရှောက်ပေးပါဦးလို့” လို့ ဒါရိုက်တာ မင်းဆက်သစ်က ရုပ်ရှင်ပရီမီယံရှိုးပြပွဲ စင်မြင့်ထက်ကတစ်ဆင့် မေတ္တာရပ်ခံ စကားဆိုခဲ့ပါတယ်။ ဒီဇာတ် ကားက နေတိုးနဲ့ဖွေးဖွေးတို့အတွက် (၈)နှစ်ကြာမှ ပြန်လည်တွေ့ဆုံရိုက်ကူးမှုဖြစ်ပြီး၊ အောင်မြင်မှုရရှိခဲ့တဲ့ “ကျွန်မက နှင်းဆီပါမောင်” နဲ့ “ကျူးပစ်ရဲ့ကျေးကျွန်များ” ရုပ်ရှင်ဇာတ်ကားရဲ့ Update Version ဖြစ်တယ်လို့ဆိုထားကြပါတယ်။ “မတန်မရာ” ဇာတ်လမ်းဇာတ်အိမ်အမျိုးအစားက Psycho-Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပြီး၊ “Psycho-Thriller လိုင်စင်ကို အပိုင်သိမ်းပါ” လို့ ဇာတ်လမ်းဇာတ်ညွှန်း မိုးနီလွင်က ချီးကျူးခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ဦးဇာဂနာက “ဒီလိုမျိုးဆက်သစ်တွေလက်ထဲ မြန်မာရုပ်ရှင်လောကကြီး ထည့်ပေးလိုက် ရတဲ့အတွက် ဂုဏ်ပြုချင်လို့ လာပြုခြင်းဖြစ်ကြောင်းနဲ့ မြန်မာ့ရုပ်ရှင်လောကကို သူတို့လက်ထဲမှာ စိတ်ချသွားကြောင်း” ပြောကာ ဒါရိုက်တာမျိုးဆက်သစ်ကို လက်ဆွဲနှုတ်ဆက်ကာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ “မတန်မရာ” ရုပ်ရှင်ဇာတ်ကားက မှော်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ (ပွဲဦးထွက်) ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အငြိမ့်မင်းသမီး ဝင်းသပြေထွန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးနေလင်းဦးက ထုတ်လုပ်ရိုက်ကူးခြင်းဖြစ်ကာ ထပ်ဆင့်အကယ်ဒမီ နေတိုး၊ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ ဝင်းသပြေ ထွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ချာလီငြိမ်း၊ အဒီရာဦးနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ အငြိမ့်မင်း သမီး ဝင်းသပြေထွန်းက သူ့ရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးဖြစ်ချင်တဲ့အိပ်မက်ကို အသက်(၄၀) ကျော်မှ အကောင်အထည်ဖော် ခွင့်ရရှိခဲ့တဲ့အတွက်ကြောင့်လည်း ဝမ်းသာပီတိဖြစ်ရတဲ့အပြင် ခင်ပွန်းဖြစ်သူကိုလည်း ကျေးဇူးတင်ကြောင်း မီဒီယာတွေကတစ်ဆင့် ပြောပြခဲ့ပါသေးတယ်။ မတန်မရာရုပ်ရှင်ဇာတ်ကား ကြည့်ရတာ တန်ရဲ့လားဆိုတာကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကိုယ်တိုင်ပဲ သွားရောက်ကြည့်ရှုပြီးနောက် အကဲဖြတ်မှတ်ချက်ပြု နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်က (၁၀)စုနှစ်ကျော် မျိုသိပ်ခဲ့ရတဲ့
အိမ်ထောင်ရေးဒုက္ခကို ဖွင့်ထုတ်လာ
ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် ကိုယ်တိုင်ထုတ်ပြောလာခဲ့တဲ့ သူ့ရဲ့အိမ်ထောင်ရေးသတင်းကို လူစိတ်ဝင် စားမှုများပြားလျက်ရှိကာ ထုတ်ဖော်ပြောဆိုခဲ့တဲ့အချက်အလက်တွေအရ တတိယပုဂ္ဂိုလ်(မင်းသမီးတစ်ဦး)ရဲ့နာမည်ကို Comment Box တွေမှာ ထင်ယောင်ထင်မှား ရေးသားနေမှုက မဆိုင်သူတွေအတွက် နစ်နာမှုတွေဖြစ်နေတာကိုလည်း တွေ့မြင်နေရ ပြန်ပါတယ်။
‘အိမ်တွင်းမီး အပြင်မထွက်စေရ’ ဆိုတဲ့စကားပုံအရ မြန်မာအမျိုးသမီးအများစုက မိမိတို့တည်ထောင်ပြီးသား ဖြစ်တဲ့ အိမ်ထောင်ရေးတစ်ခုအပေါ် ခိုင်မြဲလိုစိတ်ကြီးမားကြတာကြောင့် လူအများအမြင်မှာ ပျော်ရွှင်သာယာ လျက်ရှိ ကြောင်းကိုသာ ထုတ်ဖော်ပြသလေ့ရှိကြပါတယ်။ အလားတူ ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ကိုယ်တိုင်ကလည်း တစ်ချိန်က ခင်ပွန်းဖြစ်သူက ရိုးသားကြောင်း၊ မိသားစုအပေါ် ကြင်နာကြောင်း မီဒီယာရှေ့မှာ အမြဲချီးကျူး စကားဆိုခဲ့ဖူး တာကြောင့် ၎င်းတို့ဇနီးမောင်နှံရဲ့အိမ်ထောင်ရေးက ပျော်ရွှင်သာယာပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုအဖြစ် ထင်မှတ်ကာ လေးစားအားကျသူတွေလည်း ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ မင်းသမီး လှမျိုးသဉ္ဇာနွယ်ကိုယ်တိုင်က သူတို့ရဲ့အိမ်ထောင်ရေး သက်တမ်း (၁၀) နှစ်ကျော်အတွင်းမှာ ကြုံတွေ့ခံစားခဲ့ရတာတွေကို ဖေ့ဘွတ်လူမှု ကွန်ရက်အကောင့်ကတစ်ဆင့် တရားဝင် ရေးသားခဲ့တာဖြစ်ပါတယ်။
“ကျွန်မသည် ဤစာကိုရေးဖို့ အကြိမ်များစွာ စဉ်းစားပြီးမှ နှစ်ပေါင်းများစွာ မျိုသိပ်ပြီး မခံနိုင်တော့၍ ရေးခြင်း ဖြစ်ပါသည်။ ကျွန်မ၏ လင်ဖြစ်သူ အောင်မျိုးသူသည် တားမြစ်ဆေးများကို နှစ်နဲ့ချီ ကြာအောင်သုံးစွဲ၍ ဆေးသမား ဖြစ်နေခြင်း၊ ကျွန်မအပေါ် အကြိမ်ကြိမ်ဖောက်ပြန်ခြင်း၊ လင့်ဝတ္တရား မကျေပွန်ဘဲ (၁၃) နှစ်လုံး ကျွန်မအား လစာမှ တပြားတချပ်မှ စေတနာနှင့်ပေးကမ်းခြင်းမရှိခြင်း၊ သမီးလေးအား အိမ်မှခေါ်သွားပြီး တာဝန်မယူဘဲ သူများနှင့် ပစ်ထားခဲ့ ခြင်းတို့ကြောင့် အောင်မျိုးသူအား လင်အဖြစ်မှ ရာသက်ပန် စွန့်လွှတ်လိုက်ပါသည်ရှင်” လို့ ဖြစ်စဉ်တွေကို လိုတိုရှင်း အသေးစိတ်ရေးသားကာ ဖော်ပြခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။
မိန်းမသားတစ်ဦးအနေနဲ့ သည်းခံစိတ်ကုန်လွန်သွားချိန်မှာ “ကိုယ့်ပေါင်ကိုယ်လှန်ထောင်း” ဆိုတဲ့စကားအတိုင်း ၎င်းကိုယ်တိုင် ဖုံးကွယ်မျိုသိပ်ထားတဲ့ မိသားစုအတွင်းရေး၊ အိမ်ထောင်ရေးပြဿနာကို ဆိုရှယ် မီဒီယာထက်ကနေ တရားဝင်အသိပေးခဲ့ကာ အမျိုးသားဖြစ်သူရဲ့သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကို တိုင်ကြားခဲ့ခြင်းဖြစ်ကာ အမျိုးသမီး အများစုက အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်အနေနဲ့ တစ်ဦးတည်းသော သမီးလေး အတွက် အကောင်းဆုံးဖြစ်အောင် ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။

Miss Universe 2026 ပြိုင်ပွဲအတွက် အလှမယ်မေဂရေစ့် Puerto Rico နိုင်ငံကို ရောက်ရှိ
Miss Universe Myanmar 2026 အလှမယ် May Grace Parry က (၇၅) ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ
မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ဖို့အတွက် Puerto Rico နိုင်ငံကို နိုဝင်ဘာလ (၅) ရက်က မြန်မာနိုင်ငံ ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ အလှမယ် May Grace Parry ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက လေဆိပ်ကို လိုက်ပါပို့ဆောင်ခဲ့ကြပြီး စိတ်ခွန်အားမြှင့်တင် ပေးခဲ့ကြကာ ချစ်ခြင်းမေတ္တာအပြည့် ပြသခဲ့ကြပါတယ်။
Miss Universe Myanmar 2026 အလှမယ် May Grace Parry က သူ့ရဲ့ကာလရှည်ကြာ တစ်စိုက်မတ်မတ် အကောင်အထည် ဖော်လာခဲ့တဲ့ ကျေးလက်ပညာရေးဆိုင်ရာ “Beyond the Crown” ပရောဂျက်ဗီဒီယိုကို တရားဝင် မိတ်ဆက်တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
Miss Universe Myanmar 2026 Crown ကို အလှမယ် May Grace Parry ရရှိချိန်မှာ Q & A ဖြေဆိုမှုအား ကောင်းပေမယ့် ကိုယ်ခန္ဓာနှင့် Catwalk ပိုင်း အားနည်းလျက်ရှိတာကြောင့် သူ့အနေနဲ့ ကိုယ်ခန္ဓာနှင့် Catwalk လေ့ကျင့်မှုကို နေ့စဉ်မပြတ်လေ့ကျင့်ခဲ့ကြောင်းနဲ့ ပြောင်းလဲတိုးတက်လာမှုတွေကိုလည်း အသိပေးဖော်ပြခဲ့ပါတယ်။ ဖိလစ်ပိုင်မီဒီယာတစ်ခုက ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြုအလှမယ် Bea Millan-Windorski (ဘီမီလန်-ဝင်းဒေါ့စကီး) ကို Miss Universe 2026 အလှမယ်တွေစာရင်းမှာ မင်းက ရေပန်းအစားဆုံးလို့ညွှန်းဆိုခဲ့ရာ Bea Millan-Windorski က ‘ကျွန်မအတွက် ဂုဏ်ယူစရာတစ်ခုလည်းဖြစ်သလို တာဝန်ယူမှုတစ်ခုလည်းဖြစ်ပါတယ်။ အာရှတိုက်ဟာ လူမျိုး၊ ယဉ်ကျေးမှုနဲ့ မတူကွဲပြားမှုတွေ အများကြီးရှိပါတယ်။ အာရှတိုက်က အလှမယ်တွေကိုလည်း အချိန်ပေးပြီး Promote လုပ်ချင်ပါတယ်။ အာရှဘက်မှာလည်း အရမ်းလှပတဲ့အလှမယ်တွေ အများကြီးရှိပါတယ်။ ဥပမာ မြန်မာ၊ ကိုရီးယား၊ တရုတ်၊ ကာဇက်စတန်တို့ပေါ့။ သူတို့ရဲ့ Journey တစ်လျှောက်ကိုလည်း ကျွန်မ စိတ်အားထက်သန်စွာနဲ့ ကြည့်ရှုအားပေး ခဲ့ပါတယ်။ အာရှတိုက်ကလည်း အားကောင်းတဲ့ကိုယ်စားပြုတွေ ရှိနေဆဲမို့လို့ ကျွန်မတို့ဝမ်းသာမိပါတယ်’ လို့ ဖြေဆိုခဲ့ပါတယ်။
အလှမယ်မေဂရေစ့် က ပွာတိုရီကိုနိုင်ငံကို လေယာဥ်လေးဆင့်စီးကာ အချိန် (၁၅) နာရီကျော်ကြာအောင်စီးခဲ့ရပြီး၊ရောက်ရှိချိန် လေယာဥ်ပေါ်ကအဆင်း နိုင်ငံတကာမီဒီယာတွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ အခြားနိုင်ငံတကာအလှမယ်များနဲ့မတူ သူ့ရဲ့ Airport Fashion က Free style ဖြစ်နေရုံမက bare face ပုံစံအတိုင်းဖြစ်နေခဲ့တာတောင် သူမရဲ့လှပမှုက ပေါ်လွင်နေခဲ့ပါတယ်။ "ပြင်ဆင်မှုမရှိဘူး" လို့ တချို့က ဝေဖန်ရေးသားခဲ့ကြပေမယ့် လေယာဥ်လေးဆင့် ဆက်တိုက်စီးခဲ့ရသူတစ်ဦးရဲ့မျက်နှာသွင်ပြင်က လန်းဆန်းတက်ကြွပြီး အခုလိုမြင်တွေ့ရတာက အံ့သြဖို့ကောင်းကြောင်း အားပေးခဲ့ကြကာ နိုင်ငံတကာ စီနီယာအလှမယ်တွေကိုယ်တိုင်ကလည်း သူမရဲ့လှပမှုဟာ သဘာဝအလှအစစ်ဖြစ်ကြောင်း ဝန်းရံအားပေးခဲ့ကြပါတယ်။
ဩစတြေးလျ-မြန်မာ ကပြား မေဂရေ့စ်က မီဒီယာနဲ့ ရုပ်ရှင်ပညာရပ်တွေကို လေ့လာဆည်းပူးထားသူ၊ အတွေ့ အကြုံရင့်ကျက်တဲ့ အနုပညာရှင်မော်ဒယ်တစ်ဦးဖြစ်တာကြောင့် အခုနှစ် နိုင်ငံတကာ စင်မြင့်ထက်အတွက် အလား အလာကောင်းတဲ့ပြိုင်ပွဲဝင်အလှမယ်တစ်ဦးအဖြစ် ရေပန်းစားလျက်ရှိပါတယ်။ (၇၅) ကြိမ်မြောက် Miss Universe 2026 ပြိုင်ပွဲရဲ့အဓိကပွဲစဉ်တွေကို နိုဝင်ဘာလ (၂၁)ရက်မှ (၂၄) ရက်အထိ ပွာတိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့ရှိ José Miguel Agrelot Coliseum ပြိုင်ပွဲခန်းမမှာ ကျင်းပသွားမှာဖြစ်ကာ တရားဝင် ထုတ်ပြန်ထားတဲ့ ပွဲစဉ်ဇယားအစီအစဉ်အရ နိုဝင်ဘာလ (၂၁) ရက်မှာ National Costume Show၊ နိုဝင်ဘာလ (၂၂) ရက်မှာ Preliminary Competition၊ နိုဝင်ဘာလ (၂၄) ရက်မှာ Grand Final Night & Coronation ကို ခမ်းနားကြီးကျယ်စွာ ကျင်းပသွားကြမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။

