
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ဇနီးဖြစ်သူ မီဂန်မာကယ်၏ ဖခင် အသက် ၈၂ နှစ်အရွယ် သောမတ်စ် မာကယ်စီနီယာ ကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ သိုလှောင်ရုံများအတွင်း ကလေးသူငယ်များနှင့် ပတ်သက် သည့် ညစ်ညမ်းပုံများ ပိုင်ဆိုင်ထားရှိသည်ဆိုသည့် စွဲချက်ဖြင့် နိုဝင်ဘာ ၆ ရက်က ဖလော်ရီဒါပြည်နယ်ရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးချိန်တွင် ဝှီးချဲကုလားထိုင်ပေါ်ရှိနေသည့် သောမတ်စ်မာကယ်ကို လက်ထိတ်ခတ်ကာ ဖက်ဒရယ် အရာရှိများနှင့်အတူ လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ၎င်းကို ဖမ်းဆီးပြီးနောက် ဖလော်ရီဒါပြည်နယ် တမ်ပါမြို့ရှိ ဖက်ဒရယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အီလက်ထရွန်နစ်စောင့်ကြည့်ရေးစနစ်ဖြင့် ဘိုးဘွား စောင့်ရှောက်ရေးဂေဟာသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
သောမတ်စ်မာကယ်အနေဖြင့် တရားစီရင်ရေးလုပ်ငန်းစဉ်ကို နားလည်နိုင်ခြင်း သို့မဟုတ် ၎င်း၏ရှေ့နေကို သင့်တော်စွာ ကူညီနိုင်ခြင်း ရှိ၊ မရှိ မသေချာသဖြင့် ၎င်းကို စိတ်ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန်လည်း တရားသူကြီးက အမိန့်ချခဲ့သည်။
လော့စ်အိန်ဂျလိစ်ရှိ သိုလှောင်ရုံများမှ ဓာတ်ပုံဖလင်များနှင့် စာအုပ်များအပါအဝင် ပစ္စည်း ၇၈ ခုခန့် သိမ်းဆည်းရမိပြီးနောက် မာကယ်ကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အဆိုပါပစ္စည်းများတွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုနှင့် သက်ဆိုင်သည်ဟု ယူဆရသည့် ရုပ်ပုံများ ပါဝင်ကြောင်း အမေရိကန် အစိုးရရှေ့နေတစ်ဦးက ပြောသည်။ ပုံအချို့တွင် မာကယ်နှင့် ကလေးများ ပါဝင်နေသည်ဟု ယူဆရသည်။
မာကယ်သည် ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်တွင် နေထိုင်စဉ် လေဖြတ်ခဲ့ပြီး ဘယ်ဘက်ခြေထောက် ဖြတ်တောက်ခဲ့ရကာ အမေရိကန်နိုင်ငံသို့ ပြန်လာခဲ့ရသည်။ ယင်းမတိုင်မီ ၎င်း၏သားဖြစ်သူ သောမတ်စ်မာကယ် ဂျူနီယာက ဖိလစ်ပိုင်၊ စီဘူးမြို့ရှိ ဖခင်၏နေအိမ်ကို ရှင်းလင်းရင်း ကလေးသူငယ်ဆိုင်ရာ မဖွယ်မရာပုံများကို တွေ့ရှိခဲ့ကြောင်း The Sun သတင်းဌာနသို့ ပြောခဲ့သည်။ ထိုပုံများကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့ပြီး FBI ကိုလည်း ဆက်သွယ်ခဲ့သည်ဟု ၎င်းကဆိုသည်။
အဆိုပါရှာဖွေတွေ့ရှိမှုမှတစ်ဆင့် လော့စ်အိန်ဂျလိစ်ရှိ သောမတ်စ်မာကယ် ငှားရမ်းထားသည့် သိုလှောင်ရုံ ၂ ခုအကြောင်း အာဏာပိုင်များက သိရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အဆိုပါသိုလှောင်ရုံများကို ၂၀၀၈ ခုနှစ်က တည်းက ငှားရမ်းအသုံးပြုခဲ့ခြင်းဖြစ်သည်။
မီဂန်တို့သားအဖသည် နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့ကြသည်။ ဖခင်က သမီး၏ ယောက္ခမများ ဖြစ်သည့် ဗြိတိန်တော်ဝင် မိသားစုနှင့်လည်း ဆက်ဆံပတ်သက်ခြင်း မရှိ ၊ သမီး၏မင်္ဂလာပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
Ref: AP