
ယူကရိန်းကို အီတလီအစိုးရက ထောက်ခံနေမှုကြောင့် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရပြီး ကိုယ်ရေးအချက်အလက်များ အွန်လိုင်းပေါ်တွင် ဖွင့်ချခံခဲ့ ရကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ပြောကြားခဲ့သည်။
“ရက်အတော်ကြာကတည်းက ဆိုက်ဘာရာဇဝတ်ကောင်တွေဟာ ကျွန်တော့်ရဲ့ ကိုယ်ရေးအချက် အလက်တွေကို Dark Web ပေါ်မှာ ဖွင့်ချထားကြပြီး နောက်ထပ်အချက်အလက်တွေကိုလည်း ရှာဖွေနေကြပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ခြိမ်းခြောက်မှုနဲ့ ဖိအားသစ်တွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို ဖန်တီးနေတာပါ” ဟု တာဂျာနီက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ၎င်း၏မိသားစုဝင်များကိုလည်း ဟက်ကာများက ပစ်မှတ်ထားနေကြောင်း တာဂျာနီက ပြောသည်။
Dark Web ဆိုသည်မှာ ပုံမှန်အင်တာနက် ရှာဖွေရေးစနစ်များဖြင့် ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိဘဲ အထူးဆော့ဖ်ဝဲများ အသုံးပြုမှသာ ဝင်ရောက်ကြည့်ရှုနိုင်သည့် အင်တာနက်၏ လျှို့ ဝှက်နေရာတစ်ခု ဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် တာဂျာနီက “ယူကရိန်းအရေးနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ခုလိုပစ်မှတ်ထားခံရတဲ့ နိုင်ငံရေးအကြောင်းရင်း ဖြစ်ပါတယ်” ဟု ဆိုကာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ခွင့်ကို ကာကွယ်ခြင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီနှင့် လွတ်လပ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံခြင်းသည် ဆိုက်ဘာရာဇဝတ်အဖွဲ့ များ၏အမြင်တွင် အန္တရာယ်ရှိသည့် လုပ်ရပ်ဖြစ်နေကြောင်းလည်း ပြောကြားသည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ယခုဖြစ်ရပ်နောက်ကွယ်တွင် ရုရှားလိုလားသည့် ဟက်ကာများ ပါဝင်နေသည်ဟု မှတ်ချက်ပေးထားသည်။ အစိုးရကလည်း ယခုဆိုက်ဘာတိုက်ခိုက်မှု များကို အလေးအနက်ထား ကိုင်တွယ်နေပြီဖြစ်သည်။
အီတလီသည် ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီများအပြင် စစ်ရေးအကူအညီများလည်း ပေးအပ်နေသည့် နိုင်ငံဖြစ်သည်။
Ref: BBC