
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၈
မြန်မာ့တိုင်းရင်းသားရိုးရာရက်ကန်းပညာများ မတိမ်ကောစေရေး ခေတ်မီအဆင်ဒီဇိုင်းများ ရေးဆွဲထုတ်လုပ်နိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တိုက်တွန်းမှာကြားခဲ့သည်။
ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရက်ကန်းပညာအခြေပြုအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းသားရိုးရာရက်ကန်းပညာများ မတိမ်ကောစေရေးအတွက် ခေတ်မီအဆင်ဒီဇိုင်းများ ရေးဆွဲထုတ်လုပ်တတ်စေရန် လေ့ကျင့်ရင်းထုတ်လုပ်၊ ထုတ်လုပ်ရင်းလေ့ကျင့်သည့်စနစ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ရိုးရာအစဉ်အလာမပျက်စေဘဲ ခေတ်နှင့်အညီ ဈေးကွက်အောင်မြင်မှုရရှိစေရေး တီထွင်ကြံဆဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်သုံးသပ်ကာ မျှော်မှန်းရလဒ်များ ရရှိရေး လက်တွေ့ကျကျ ကြိုးပမ်းကြရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။
ရက်ကန်းဒီဇိုင်းများ တီထွင်ဆန်းသစ်နိုင်ရေးအတွက် Computer Graphic Design ကျွမ်းကျင်မှုမြှင့်တင်ရန်၊ နည်းပညာစက်ကိရိယာများ အဆင့်မြှင့်တင်ရန်နှင့် ကျေးလက်ဒေသမိသားစုဝင်ငွေ တိုးတက်စေရေး၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးအတွက် မိရိုးဖလာရက်ကန်းလုပ်ငန်းများကို ထိန်းသိမ်းမြှင့်တင်ပြီး ဒီဇိုင်းအသစ်များ တီထွင်ဖန်တီးသွားရန် ပြောကြားခဲ့သည်။
ထို့ပြင် သင်တန်းကျောင်းမှ ထွက်ရှိလာသည့် အထည်များ ပစ္စည်းမှန်၊ အရည်အသွေးမှန်ဖြစ်စေရေးနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်ရန် ဒီဇိုင်းနှင့် ဆေးဆိုးနည်းစနစ်များ အရည်အသွေးပြည့်မီစေရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။