NP News

ရန်ကုန်ရှိ မြို့နယ် (၅) ခုတွင် ရေပေးဝေမှုပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅) မြို့နယ်တွင် ရေပေးဝေမှုပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အဆိုပါမြို့နယ် (၅) ခုမှာ ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်မြို့နယ်(ဆိပ်ကမ်း)၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်များသို့ ရေပေးဝေနေသည့် ရေပေးဝေရေးစခန်း ဇုန် (၈) တွင် ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) နံနက် (၇) နာရီ မိနစ် (၂၀) မှစတင်၍ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သဖြင့် ရေတွန်းစက်ကြီးများ ခေတ္တရပ်နားခဲ့ရပြီး စစ်ဆေးမှုများပြုလုပ်ရာ 66/6.6kV Transformer ချို့ယွင်းနေကြောင်း သိရသည်။
အဆိုပါချို့ယွင်းမှုကို အမြန်ဆုံးပြုပြင်နိုင်ရန် ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) နံနက် (၈) နာရီခွဲခန့်မှစတင်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Transformer လဲလှယ်အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းကိုလည်း ယနေ့ (နိုဝင်ဘာ ၈ ရက်) တွင် အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြုပြင်ထိန်းသိမ်းခြင်းနှင့် Transformer လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အဆိုပါမြို့နယ်များ၏ ရေပေးဝေရေးပိုက်လိုင်းကွန်ရက်အတွင်း ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေပေးဝေမှု အခက်အခဲများ ကြုံတွေ့ရပါက သက်ဆိုင်ရာမြို့နယ်ရေပေးရေးတာဝန်ခံများထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — NP News