NP News

နိုင်ငံကူးလက်မှတ်သက်တမ်း (၉) လကျန်ရှိသူများ ကြိုတင်လျှောက်ထားခ ဝမ် (၅၀,၀၀၀) ပေးဆောင်ရန်မလိုတော့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး အသိပေး

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၈

နိုင်ငံကူးလက်မှတ်သက်တမ်း (၉) လကျန်ရှိသူများအနေဖြင့် ကြိုတင်လျှောက်ထားခ ဝမ် (၅၀,၀၀၀) ကို ပေးဆောင်ရန် မလိုအပ်တော့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ယမန်နေ့( နိုဝင်ဘာ ၇ ရက်) က ထုတ်ပြန်ထားချက်အရ သိရသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ (၁၇) ရက်တွင် “ကောင်စစ်ကိစ္စရပ်များကို GlowMate Application တွင် ဆောင်ရွက်မည့်အစီအစဉ်” ကို အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း (၉) လကျန်ရှိသူများလည်း ကြိုတင်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်သက်တမ်း (၉) လကျန်ရှိသူများအတွက် ကြိုတင်လျှောက်ထားမှု ဆောင်ရွက်ရာတွင် တစ်ဦးလျှင် ဝမ် (၅၀,၀၀၀) ပေးဆောင်ရမည်ဖြစ်ကြောင်းကိုလည်း အဆိုပါကြေညာချက်၌ ထည့်သွင်းဖော်ပြခဲ့သည်။
ယခုအခါ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ရာတွင် လျှောက်ထားသူများအားလုံး တစ်ပြေးညီဖြစ်စေရန်အတွက် ယခင်က သတ်မှတ်ထားသည့် ကြိုတင်လျှောက်ထားခ ဝမ် (၅၀,၀၀၀) ကို ပေးဆောင်ရန် မလိုအပ်တော့ကြောင်း ပြင်ဆင်အသိပေးကြေညာထားသည်။

မူရင်းသတင်း — NP News