





နေပြည်တော်၊ နိုဝင်ဘာ ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)တွင် မြန်မာ့ရိုးရာများကို မျိုးဆက်သစ် လူငယ်များထံသို့ လက်ဆင့်ကမ်းပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် “မြန်မာ့ရိုးရာပွဲဈေး” သို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားသို့ ရောက်ရှိကြရာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust-MCHT) တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဖျော်ဖြေပွဲခန်းမသို့ ရောက်ရှိကြပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဖော်ညွှန်း၍ သီဆိုကပြဖျော်ဖြေလျက်ရှိသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ရိုးရာအကအလှများ၊ တေးသရုပ်ဖော်အကများ၊ မြန်မာ့ရိုးရာ ရုပ်သေးကြိုးဆွဲအက၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ညွှန်းသည့်အက အလှများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ ပွဲဈေးအတွင်း ခင်းကျင်းထားသည့် မြန်မာ့ရိုးရာအစားအစာ ပြခန်းများ၊ ရိုးရာအဝတ်အထည်ပြခန်းများ၊ နိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီးမှ ထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုအားပေးပြီး ပြခန်းအလိုက် တာဝန်ခံများ၏ ရှင်းလင်းမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ “မြန်မာ့ရိုးရာပွဲဈေး" ကို ရိုးရာအမွေအနှစ်တစ်ခု မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်းပေးလိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)တွင် ယခုလ ၅ ရက်နေ့မှ ယနေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပွဲတော်ရက်အတွင်း မြန်မာ့ရိုးရာအစားအစာများ၊ မြန်မာ့ရိုးရာအဝတ်အထည်များ၊ မြန်မာ့စားဖွယ်ပြုလုပ်နည်း သရုပ်ပြပွဲများ၊ စကားဝိုင်းများ၊ မြန်မာ့ရိုးရာဇာတ်သဘင်နှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲများ၊ တိုင်းရင်းသားအကပဒေသာများ စသည်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်လျက်ရှိ၍ ပွဲဈေးအတွင်း မြန်မာ့ရိုးရာအစားအစာပြခန်းများ၊ ရိုးရာအဝတ်အထည်ပြခန်းများ၊ နိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီးမှ ထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းပြခန်းများ စသည်ဖြင့် စုစုပေါင်း ပြခန်း ၁၅၅ ခန်း ခင်းကျင်းပြသထားပြီး လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသည့် အများပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်သာယာ Shopping Centre ၌ မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြပွဲအတွင်း ခင်းကျင်းပြသထားရှိသည့် ပရိဘောဂများအား ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါမြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) ကို မြန်မာ့ပရိဘောဂလက်ရာများအား ထိန်းသိမ်းရန်၊ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နိုင်ရန်နှင့် ဈေးကွက်ပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ ယခုလ ၄ ရက်နေ့မှ ယနေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်းကုမ္ပဏီ ၉ ခု၊ ပြည်ပကုမ္ပဏီ ၁ ခု၊ စုစု ပေါင်း ၁၀ ခုတို့မှ ပြကွက်ပေါင်း ၂၆ ခုဖြင့် ခင်းကျင်းပြသရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar
