Myanmar National Post

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာနှင့် ကျောက်တန်းစက်မှုဇုန် ကြည့်ရှုစစ်ဆေး
















နေပြည်တော်၊ နိုဝင်ဘာ ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာနှင့် ကျောက်တန်းစက်မှုဇုန်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့နယ်ရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာသို့ ရောက်ရှိကြပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြတိုက်၌ တာဝန်ရှိသူတစ်ဦးက စင်တာ၏ နောက်ခံသမိုင်းကြောင်း၊ တည်ဆောက်ရခြင်း၏ရည်ရွယ်ချက်၊ ဘဏ္ဍာနှစ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လျာထားလုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြတိုက်အတွင်း၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားများ၏ တူရိယာများ၊ ရိုးရာဝတ်စား ဆင်ယင်မှုများနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ စင်တာဝင်းအတွင်းရှိ မွန်၊ ကရင်၊ ဗမာ၊ ပအိုဝ်း ရိုးရာအိမ်များနှင့် အထင်ကရနေရာများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယသမ္မတက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ မျိုးဆက်သစ်လူငယ်များ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာသိရှိပြီး တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ ဒေသ၏ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမိုထင်ရှားစွာဖော်ထုတ်ပြသနိုင်ရေး၊ ပြသထားရှိသည့် ရိုးရာပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါစင်တာကို တိုင်းရင်းသားလူမျိုးတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကျောက်တန်းစက်မှုဇုန်အတွင်းရှိ ကိုလှထွန်း ငရုပ်သီးမှုန့်နှင့် အမှုန့်မျိုးစုံလုပ်ငန်းသို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက ထုတ်လုပ်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ ကုန်ကြမ်းအမျိုးအစားများနှင့် သိုလှောင်ထားရှိမှု၊ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေမှု၊ လက်ရှိထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ စက်ရုံအတွင်း ငရုတ်သီးကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်းနှင့် ထုပ်ပိုးဖြန့်ဖြူးခြင်းလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယသမ္မတက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သန့်ရှင်းသပ်ရပ်သော ထုတ်လုပ်မှုစနစ်ကို အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရန်၊ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ထို့မှတစ်ဆင့် M RUBBER ကုမ္ပဏီလီမိတက်၏ ခရမ့်ရော်ဘာအဆင့်မြင့်စက်ရုံသို့ ရောက်ရှိကြပြီး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရော်ဘာကုန်ကြမ်းများ သန့်စင်နေမှု၊ စက်ကိရိယာများဖြင့် ပြုပြင်ထုတ်လုပ်နေမှု၊ အရည်အသွေး စစ်ဆေးနေမှုနှင့် ထုပ်ပိုးသိုလှောင်သည့် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုကို လိုက်လံရှင်းလင်းပြသရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက စက်ရုံ၏ကုန်ကြမ်းရရှိမှုနှင့် သိုလှောင်ထားရှိမှု၊ ထုတ်လုပ်မှုစွမ်းအား၊ MSR ထုတ်လုပ်သည့် လုပ်ငန်းစဉ်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စက်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စက်ရုံမှထွက်ရှိလာသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ရော်ဘာကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ရော်ဘာစိုက်ပျိုးသည့် ဒေသခံတောင်သူနှင့် လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ကျောက်တန်းစက်မှုဇုန်ကို စက်မှုနယ်မြေအဖြစ် ၂၀၁၆ ခုနှစ် မတ် ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ၂၅၄ ဒသမ ၃ ဧကရှိ၍ ပုဂ္ဂလိကစက်မှုလုပ်ငန်း (အကြီးစား၊ အလတ်စား၊ အငယ်စား) အရေအတွက် စုစုပေါင်း ၂၅ ခုရှိကြောင်း သိရသည်။


#News #Myanmar



မူရင်းသတင်း — Myanmar National Post