
ပုလဲ (NP News) - နိုဝင်ဘာ ၉
UID (Unique Identification) ကောက်ယူဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ပြည်သူ များထံမှ တရားမဝင်ငွေကြေးတောင်းခံခြင်း လုံးဝ မပြုလုပ်ရန်ညွှန်ကြားထားပြီး တရားမဝင် ငွေကြေး ကောက်ခံမှုများရှိပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောကြားသည်။
မှတ်ပုံတင်လျှောက်ထားခြင်း၊ အသစ်လဲလှယ်ခြင်း၊ အိမ်ထောင်စုစာရင်းများပြုလုပ်ခြင်း၊ ခွဲထွက် ခြင်းနှင့် UID ကောက်ယူခြင်းလုပ်ငန်းများကို အဓိကအားဖြင့် သက်ဆိုင်ရာရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းကာ အခြေခံပညာကျောင်းများသို့လည်းကောင်း လုံခြုံရေးကောင်းမွန်သည့်နေရာများသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးမှုများ လည်းရှိကြောင်း သိရသည်။
“များသောအားဖြင့်တော့လေ ရုံးမှာလုပ်ပေးတာပါ။ UID က စက်တွေ ထောင်ထားရတာကိုး။ တကယ်လို့ ဌာနအချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီးတော့ပေါ့နော် တချို့နေရာတွေမှာ ကျောင်းတွေကို ကွင်း ဆင်းပြီးတော့လုပ်ပေးတာလည်း ရှိပါတယ်။ နောက်တစ်ခု လုံခြုံရေးတို့ဘာတို့ စီစဉ်ပေးနိုင်မယ်၊ သွားရေး လာရေး ဘာညာ အဆင်ပြေတဲ့နေရာဆိုလည်း တချို့နေရာတွေမှာ ကွင်းဆင်းလုပ်ပေးတာတော့ ရှိပါတယ်။ အဓိကကတော့ ရုံးမှာလုပ်ပေးတယ်။ ကျောင်းသား တွေကို ကွင်းဆင်းပြီးလုပ်ပေးတာရှိပါတယ်။ မှတ်ပုံတင်လုပ်ရင် တစ်ခါတည်း UID လုပ်ပေးတာလေ။ တစ်ခါတည်းပြီးသွားအောင်လေ” ဟု အထက်ပါတာဝန်ရှိသူက NP News သို့ပြောသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ငွေကြေးတောင်းခံခြင်းမရှိစေရန် အဆင့်ဆင့် ကြပ်မတ်ညွှန်ကြားထားပြီး ဌာနအနေဖြင့်လည်း ဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို စနစ်တကျ ကြီး ကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဝန်ထမ်းတွေ မတရားသဖြင့်ငွေတောင်းတာတို့ လုံးဝ မလုပ် ရဘူးဆိုပြီး ညွှန်ကြားထားတာရှိပါတယ်။ နောက် ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးကိုယ်၌ကလည်း ဒါကို သေချာကြပ်ကြပ်မတ်မတ် အောက်ကို အဆင့်ဆင့်မှာ ထားတာရှိပါတယ်။ တခြားအဖွဲ့ကယူတာ တော့ မသိရဘူးပေါ့နော်။ လဝကဝန်ထမ်းတွေ မကောက်အောင် သေချာကြပ်ကြပ်မတ်မတ် ဆောင်ရွက် ပေးနေပါတယ်”ဟုပြောသည်။
တရားမဝင် ငွေကြေးတောင်းခံမှုများပြုလုပ်သည့်အတွက် အရေးယူထားသည့်ဖြစ်စဉ်များရှိသကဲ့ သို့ ထပ်မံ၍ တရားမဝင်တောင်းခံမှုဖြစ်စဉ်များရှိပါကလည်း တောင်းခံသည့်ဝန်ထမ်းများကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“တကယ်လို့ တရားမဝင် ငွေ ကောက်တယ်ဆိုရင်တော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီပဲ အရေးယူ ပါတယ်။ တစ်နိုင်ငံလုံးမှာ ကွင်း ဆင်းပြီးလုပ်ပေးတာတွေ အများကြီးပါ။ ဖြစ်စဉ်တော့ သိပ်မတွေ့ရတော့ဘူး။ လိုအပ်တာကို အကုန် ညွှန် ကြားပြီး ကြီးကြပ်ပြီးလုပ်နေတာရှိတယ်။ အရင်က အရေးယူထားတာတွေလည်းရှိတယ်။ အခုလည်း ငွေ တောင်းတာတွေနဲ့ပတ်သက်ရင် စနစ်တကျ ညွှန်ကြားချက်တွေထုတ်ပြီး အဆင့်ဆင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာရှိပါတယ်”ဟုပြောသည်။
