
ကိုဖြိုး (NP News) - နိုဝင်ဘာ ၉
ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင်တည်ရှိသော နေ့စဉ်အမှိုက်တန်ချိန်တစ်ထောင်ကျော် စွန့်ပစ်နေသည့်အမှိုက်များကို ခေတ်မှီနည်းပညာများဖြင့် ထိန်သိမ်းသွားမည်ဖြစ်ပြီး အခြားတစ်နေရာသို့ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြည်သူ့လွှတ်တော်တွင် ယနေ့(နိုဝင်ဘာ ၉ ရက်) က လာရောက်ဖြေကြားခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်က ဒဂုံမြို့သစ်အရှေ့ပိုင်း နှင့် မြောက်ပိုင်းမြို့နယ်များရှိ ထားဝယ်ချောင်အမှိုက်ပုံကြီးအား မည်သည့်အချိန်တွင် အမြန်ဆုံးရွှေ့ပြောင်းပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမှိုက်ပုံမှ မီသိန်းဓါတ်ငွေ့များကို သန့်စင်စုဆောင်းကာ လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကိုလည်း စတင်အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်း သိရသည်။
အမှိုက်ပုံ၏ မီးဘေးအန္တာရယ်အတွက် နေရောညပါမီးကင်းများဖြင့် စောင့်ကြည့်နေကြောင်း၊ ရေဆိုးထုတ်သည့်စနစ်ကိုလည်း အနယ်ထိုင်စနစ်အပြင် အဆင့်မြင့်ရေဆိုးသန့်စင်စနစ်များကို တည်ဆောက်သွားမည်ဖြစ်ရာ လက်တလောတွင် အမှိုက်ပုံပြောင်းရွှေ့ရန်အစီအစဉ်မရှိသေးကြောင်း သိရသည်။