NP News

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၆ ကို ဒီဇင်ဘာ(၄)ရက်မှ (၆)ရက်အထိ ကျင်းပမည်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၉

ရန်ကုန်မြို့ရှိ Inya Lake Hotel နှင့် Myanmar Convention Centre (MCC) တို့တွင် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၆ ကို လာမည့် ဒီဇင်ဘာ (၄) ရက်မှ (၆) ရက်အထိ (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါကုန်စည်ပြပွဲကို တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းဆိုင်ရာ စီးပွားရေးဆက်စပ်မှုများ ပိုမိုတိုးတက်လာစေရန်၊ မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်းနိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရန်နှင့် မြန်မာ့အထည်ချုပ်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် တရုတ်နှင့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များ၊ အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ စက်ပစ္စည်းထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ (၁၀၀) ကျော် ပါဝင်ပြသသွားမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ နောက်ဆုံးပေါ်နည်းပညာများ၊ လုပ်ငန်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့် လက်တွေ့အသုံးချနိုင်သည့် ဗဟုသုတ များ မျှဝေမည့်ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ရိုးရာအကအလှ ဖျော်ဖြေတင်ဆက်မှုများ၊ ဖက်ရှင်ရှိုးများနှင့် ဝတ်စုံပြပွဲများလည်း ပါဝင်မည်ဖြစ်ပြီး အထူးအစီအစဉ်အဖြစ် ပြည်တွင်းထုတ်ကုန်များနှင့် ပြည်တွင်းအမှတ်တံဆိပ်များကို အခြေခံသည့် ဖက်ရှင်ရှိုးများမှ တစ်ဆင့် Made in Myanmar ထုတ်ကုန်များ၏ အရည်အသွေးနှင့် ပြည်တွင်းဒီဇိုင်နာများ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News