
ထိုက်စံ (NP News) - နိုဝင်ဘာ ၁ဝ
မကွေးတိုင်းဒေသကြီးရှိ ရခိုင်ရိုးမတောင်ခြေတွင် ခိုအောင်းနေသော PDF များကို မြို့ပေါ်တက်၍ မကြာခဏ လူဖမ်းခြင်း၊ ပြန်ပေးဆွဲခြင်းများ ရှိနေကြောင်း ဒေသခံတစ်ဦးက NP News သို့ပြောသည်။
“မင်းတုန်း၊ မင်းလှမြို့အနောက်ဘက် ခြမ်းမှာတော့ PDF တွေ လူဖမ်းတာ ခဏခဏဖြစ်တယ်။ ဟိုတစ်ခေါက်ကဆို မြတ်စေတနာမွန်က ကားကော လူရောပြန်မလားဘူးအခုထိ PDF တွေကပြန်ပေးဆွဲ သွားတာပေါ့။ နောက်ဖြစ်စဉ်တွေလည်းအများကြီးရှိတယ်”ဟု ၎င်းကပြောသည်။
ထိုသို့ PDF အဖွဲ့မှ အင်အား(၁၀) ယောက်ခန့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူများ စိုးရိမ်မှု များရှိနေကြောင်း သိရသည်။
“ပြည်သူတွေကတော့ ငါတို့ရွာထဲများဝင်လာမလား။ ရပ်ကွက်ထဲများဝင်လာမလားဆိုပြီး စိုးရိမ် ကြတာပေါ့။ လူတွေကတော့ နီးရာဓား ကြောက် နေကြတာပေါ့။ တပ်ကလည်း ကြားရင်တော့ ထလာ တယ်။ သူတို့လာတော့ မရှိတော့ဘူးပေါ့။ PDF တွေက အမှတ်တမဲ့ တက်တက်လာတာပေါ့။ ဒီဘက်မြို့ ဘက်တွေကျတော့မလာဘူး။ အင်အား(၄)၊ (၅)၊(၇)ယောက်၊(၁၀) ယောက်လောက်နဲ့ တက်တက်လာ တာပေါ့။ လက်နက်တွေရော ပါတာပေါ့။ အဲဒီထက်တော့ ပိုမများဘူး”ဟု ၎င်းကပြောသည်။
PDF အဖွဲ့များသည် ရခိုင်ရိုးမအနီးရှိရွာ များတွင် စိုးမိုးနေခြင်းဖြစ်ကာ ယင်းဒေသရှိ ပြည်သူများ ကို ခြိမ်းခြောက်ကာ တစ်လလျှင် ကျပ်(၅၀ဝဝဝ)ဆက်ကြေးကောက်ခံနေကြောင်း ၎င်းကပြောသည်။
“သူတို့က စားဖို့လည်းလို၊ သေနတ်၊ ကျည်ဆန်လည်းလို အဲဒီအချိန်တက်လာတာပေါ့။ နောက်ပြီး လိုင်းပေါ်မှာတက်ပြီး အလှူခံကြတာပဲ။ မင်းတုန်း၊ မင်းလှနောက်ဘက်ခြမ်းပေါ့။ ရခိုင်ရိုးမနဲ့ နီးတဲ့ ရွာ တွေပေါ့။ PDF တွေက တောင်ခြေမှာ ခိုကြတာပေါ့။ နောက်ပြီး အဲဒီနားကရွာတွေကနေပြောသံကြား တာတော့ တစ်လကို ငါးသောင်း အဲဒီလို ကောက်တယ်လို့ ကြားတယ်။ အဲဒီဘက်တွေ သူတို့ စိုးမိုးနေ တာပေါ့။ ပုသိမ်-မုံရွာလမ်းနောက်ဘက်ကရွာတွေဆိုရင် အဲဒီနေရာတွေက PDF တွေက အမြဲတော့ မနေဘူး။ လာလိုက်ရခိုင်ရိုးမ တောင်ခြေပြန်သွားလိုက်။ ခုနပြောသလို ဆက်ကြေး ငါးသောင်း၊ ခြောက် သောင်းမပေးနိုင်ရင်သတ်မယ် ဆိုတော့ ပေးကြတာပေါ့။ သူတို့စိုးမိုးတာကို ခံနေရတာပေါ့”ဟု ၎င်းက ပြောသည်။
PDF အဖွဲ့များက တပ်မတော်စစ်ကြောင်း မရှိချိန်ကို အခွင့်အရေးယူကာ ပြည်သူများအား အကြမ်းဖက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“တပ်ကတော့ စစ်ကြောင်းထိုးတဲ့အခါတော့ ထိုးကြတယ်။ အဲဒီအခါ PDF တွေက အရပ်သားလို လိုဆိုတော့ မတွေ့ပြန်ဘူးပေါ့။ စစ်ကြောင်းမရှိဘူးဆိုရင် PDF တွေက လုပ်လာပြန်ပြီ”ဟု ၎င်းကပြော သည်။
ပြီးခဲ့သည့်သီးတင်းကျွတ်လပြည့်နေ့ ည (၂)နာရီကျော်တွင် မင်းဘူးမြို့ရှိ လုပ်ငန်း(၄)ခုအား PDF အဖွဲ့ကဝင်ရောက်၍ ငွေကျပ်သိန်း(၈၀ဝ)ယူဆောင်သွားသည့်အပြင် ဒုတိယ မန်နေဂျာ(၁)ဦးကို အကြမ်း ဖက်ပြန်ပေးဆွဲသွားခဲ့ကြောင်းလည်း သိရသည်။