
စော (NP News) - နိုဝင်ဘာ ၁ဝ
ကားဈေးကွက်အတွင်း အခွန်ကြီးကြပ်မှု များပြုလုပ်မည့်သတင်းများကြောင့် SKD ကား အ ရောင်းအဝယ်အေးနေကြောင်း ကားလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။ မော်တော်ယာဉ် အပို ပစ္စည်းများ ရှားပါးလာပြီး ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရသည့်အတွက် အပိုပစ္စည်းဈေးနှုန်းများ ပြန် လည်ကျဆင်းလာရန် မျှော်လင့်နေကြသကဲ့သို့ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီနှင့် မဲဆောက်မြို့များအထိ သွားရောက်၍ ယာဉ်ပြုပြင်သူ များလည်းရှိကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာတော့ နည်းနည်း အခွန်နဲ့ပတ်သက်ပြီးတော့ ကြီးကြပ်မယ့်သတင်းကြောင့် ဈေး ကွက်ကနည်းနည်းငြိမ်သွားတာတော့ရှိပါတယ်။ ဈေးကွက်နည်းနည်း အေးသွားတယ်ပေါ့ ။ စာကတော့ မထွက်ထားဘူး။ ဒါပေမဲ့ အခွန်ကတော့ စာထွက်စရာ သီးခြားတော့မလိုပါဘူး။ ရှင်းရှင်းပြောရရင် ဒီလူ က ဝယ်ထားတယ်။ ဒီလူက ပြန်ရောင်းတယ်ဆိုရင်တော့ ဝယ်ရင်တော့ဝယ်ခွန်ရှိမယ်။ ရောင်းရင်တော့ ရောင်းခွန်ရှိမယ်။ ဒါကတော့ ဥပဒေအရတော့ ရှိပြီးသားပေါ့။ ကြားထဲမှာ အခွန်ဌာနက မသိလိုက်ဘဲနဲ့ ဖြစ်သွားတဲ့ဟာတွေကို ကြီးကြပ်သွားမယ့်သဘောမျိုးတော့ဖြစ်လာနိုင်တာပေါ့။ တကယ်က SKDကတော့ အဓိက အေးသွားတာပေါ့။ EV ကားကတော့ အရမ်းကြီးဟော့မနေဘူး”ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မော်တော်ယာဉ်ဈေးကွက်အတွင်း SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော EV နှင့် ICE မော် တော်ယာဉ်များ၏ စက်ရုံထုတ်ဈေးနှုန်းနှင့် ပြင်ပ ဈေးကွက်ဈေးနှုန်းများအကြား ကွာဟမှုများ ဖြစ်ပေါ် နေသည်ကို သတင်းများအရ စိစစ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့ သည့် (အောက်တိုဘာ ၃၀ရက်)က အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်အတွင်း SKD စနစ်ဖြင့် ထုတ်လုပ်သည့် EV ၊ ICE မော်တော်ယာဉ်များ စက် ရုံထုတ်ဈေးထက် ဈေးကွက်ပေါက်ဈေး အဆမတန်မြင့်တက်နေမှုတွင် SKD ကုမ္ပဏီများ တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ ကို မော်တော်ယာဉ်အရောင်းစင်တာ မြေပြင် စစ် ဆေးရေးအဖွဲ့များဖြင့် ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“အရင်တစ်ခါကလည်း အစည်းအဝေးတွေခေါ်ပြီးတော့ သတိပေးထားတာတွေရှိတယ်။ ဒါက စာ ထပ်ထုတ်တာပေါ့။ ဒီစာကအခုမှမဟုတ်ပါဘူး။ SKD အတွက်ကတော့ အခုမှပေါ့။ EV အတွက်က တော့ အခုမှမဟုတ်ဘူး။ သတိပေးတဲ့ဟာတွေရှိပါတယ်။ တကယ့်တကယ်လည်း ဆီကားနဲ့ EV ကားနဲ့ပဲပျံ့တာ။ EV နဲ့ပတ်သက်တဲ့စာကလည်း တစ်ရက်တည်းတစ်ချိန်တည်းထွက်ထားတဲ့စာရှိပါတယ်။ အရမ်း Hot နေတဲ့ ဝယ်ရောင်းလုပ်ပြီးတော့ ကား ဈေးနှုန်းကြီးမြင့်တာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ဆိုတာ အရင်တုန်းက အစည်းအဝေးနဲ့ခေါ်ပြောတာ ရှိတယ်”ဟု ၎င်းကပြောသည်။
ထို့ကြောင့် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကုမ္ပဏီများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် မော် တော်ယာဉ်များကို ထိုက်သင့်သည့်ဈေးနှုန်းဖြင့် Customer များ လက်ဝယ်သို့ရောက်ရှိရေး စီမံဆောင် ရွက်ရန်နှင့် မသမာမှုတွင် ပါဝင်ပတ်သက်ကြောင်း စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ် နည်းများဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ် ငန်းများတင်သွင်း၊ တင်ပို့မှု မြှင့်တင်ရေးလုပ်ငန်းကော် မတီကလည်း EV များ ပြန်လည်ရောင်းရာတွင် လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
