
ပုလဲ (NP News) - နိုဝင်ဘာ ၁ဝ
အထည်ချုပ်ကဏ္ဍ၌ ပြည်ပမှ ကုန်ကြမ်းသွင်းကာ ပြည်တွင်းတွင် ထုတ်လုပ်သည့် လက်ခစား CMP စနစ်ဖြင့်ဆောင်ရွက်နေသည့်လုပ်ငန်းများအနေဖြင့် အထည်အမှာစာရရှိသော်လည်း ဈေးနှိမ် ခံရမှုများရှိနေကြောင်း CMP လုပ်ငန်းရှင်တစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
CMPလုပ်ငန်းများအနေဖြင့် ယခုနောက်ပိုင်းတွင် ပြည်ပမှအထည်အမှာစာရရှိရန် အခက်အခဲ များ ရှိနေပြီး အထည်အမှာစာရရှိသည့် လုပ်ငန်းများအနေဖြင့်လည်း ဈေးနှိမ်ခံရမှုများရှိနေကြောင်းသိရသည်။
“လောလောဆယ် အဲဒီလောက်ကြီး မဟုတ်သေးဘူး။ နောက်ပြီးတော့ ဝင်လာတဲ့ဥစ္စာတွေက လည်း ဈေးတွေကအရမ်းနှိမ်တယ်။ အဲဒီအခက်အခဲတွေ ရှိတယ်။ အော်ဒါလာတဲ့ ဥစ္စာတွေကလည်း ဈေးတွေက မတရားနှိမ်တယ်ပေါ့နော်။ ဘယ်ဟာဖြစ်ဖြစ် ဈေးနှိမ်ခံရတယ်။ ခါတိုင်းရတာထက်ကို နှိမ်ပြီး တော့ လာကြတာ။ အဲလိုမျိုးကြုံ ရတာပေါ့လေ။ တခြား ဈေးကောင်းကောင်းရနေတဲ့ စက်ရုံတွေရှိရင် လည်း ရှိမှာပေါ့” ဟု ပြောသည်။ ထို့အတူ အထည်ချုပ်ကဏ္ဍ၌ ကျွမ်းကျင်လုပ်သားရှားပါးမှု များလည်း ရင်ဆိုင်နေရကြောင်း သိရသည်။
“နောက်ပြီးတော့ ဝန်ထမ်းလည်း မငြိမ်မသက်ပေါ့။ ဝန်ထမ်းတွေကလည်း Stable ဖြစ်တဲ့ ဝန်ထမ်းတွေ မရှိဘူး။ ဝန်ထမ်းတွေက ဝင်လိုက်ထွက်လိုက်နဲ့ ။ ပြောရရင် သိပ်ကောင်းတယ်လို့ ပြော လို့မရဘူး၊ ကောင်းလာဖို့ မျှော်လင့်တုန်းပဲရှိသေးတယ်။ CMP အတွက်ကတော့ လျှောက်လိုက်ရင်လည်း ရှောရှောရှုရှုရပါတယ်။ CMP ဆိုရင်ပေါ့နော်၊ ကျန်တာတွေတော့ မသိဘူး၊ CMP အတွက်ကတော့ ရပါ တယ်” ဟု ပြောသည်။
ပြည်တွင်း၌ တရုတ်နိုင်မှလာရောက် ရင်းနှီးမြှုပ်နှံ၍ CMP အနေဖြင့် လုပ်ကိုင်နေသည့် စက်ရုံ လုပ်ငန်းများမှာ (၆၅)ရာခိုင်နှုန်းခန့်ရှိပြီး ယခင်ကာလများကပင် တရုတ်နိုင်ငံမှ အထည် အမှာစာများ သည်လည်း အဆိုပါ တရုတ်ရင်းနှီးမြှုပ်နှံမှု စက်ရုံများမှသာရရှိနေကြောင်း သိရသည်။
“တရုတ်ကတော့ အခုက စက်ရုံအရေ အတွက်ကလည်း သူတို့ကများနေတာကိုး။ စက်ရုံအရေ အတွက်၊ သူတို့ Investor အရေအတွက်က လည်းများနေတော့ သူတို့ Market ကတော့ အကြီး ကြီးဖြစ်နေတာ” ဟုပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က CMP လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုအပ်သည်များဖြည့်ဆည်းပေးရန် တိုက်တွန်းပြောကြားခဲ့သည်။