NP News

နိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်ရာ လစ်ဟာမှုများ မရှိစေရန် ဒုတိယသမ္မတပြော

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၀

နိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်ရာ လစ်ဟာမှုများမရှိစေရန်လိုအပ်ကြောင်း အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးညိုစောက ယမန်နေ့(နိုဝင်ဘာ ၉ ရက်) မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၃၁) သာသနာရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပသွားမည့် အခြေအနေများ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင်ဆရာတော်ကြီးများအမှူး ပြုသော ဒေသခံဆရာတော်များပင့်ဆောင်ပြီး ကထိန်သင်္ကန်းနှင့်အတူ အခြံအရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည့် အခြေအနေများအား ဒုတိယသမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် သံဃာရာမကျောင်းဆောင် (၄) ဆောင်တွင် သီတင်းသုံးကြမည့် ဆရာတော်ကြီးများ စိတ်နှလုံးချမ်းမြေ့စေရေးအတွက် ရေ၊ မီး၊ သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ အခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာတွင် ဆွမ်းနှင့်ဆွမ်းဟင်းလျာများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေး သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများကိုလည်း ပြောကြားခဲ့သည်။

အလားတူ ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သံဃာရာမကျောင်းဆောင် အဆောင် ၂ တွင် ယခင်နှစ်များနည်းတူ အနောက်တိုင်းဆေးခန်းနှင့် တိုင်းရင်းဆေးခန်းများ ဖွင့်လှစ်ပေးရန် လိုအပ်မှုအခြေအနေများ၊ ပဒေသာပင်များကို တင့်တင့်တယ်တယ်နှင့် ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ပဒေသာပင်များအား ကထိန်ခံကျောင်းတိုက်သို့ ပို့ဆောင်ရာတွင် စနစ်တကျရှိစေရေး စီမံဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများကိုလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည်နှင့်အညီ လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် လစ်ဟာမှုများမရှိအောင် ဆပ်ကော်မတီများအလိုက်စနစ်တကျစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားကြရန်လည်း ဒုတိယသမ္မတက ဆိုသည်။
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကြီး ခန့်ညားထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီ အသီးသီးက စနစ်တကျစီစဉ်ဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

မူရင်းသတင်း — NP News