NP News

ယနေ့အထိ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း (၃,၁၄၅) ဖွဲ့အထိ ဖွဲ့စည်းပြီးဖြစ်

ထိုက်စံ (NP News) - နိုဝင်ဘာ ၁၀

ယနေ့အထိ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း (၃,၁၄၅) ဖွဲ့အထိ ဖွဲ့စည်းပြီးဖြစ်ကြောင်း ယမန်နေ့(နိုဝင်ဘာ ၉ ရက်) က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည့် (၂၀၁၁) ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ အလုပ်သမားနှင့်အလုပ်ရှင်အဖွဲ့ အစည်းများကိုဖွဲ့စည်းခွင့်ပြုရန်တင်ပြလာခြင်းအပေါ်စိစစ်၍ အသိအမှတ်ပြုလက်မှတ်များအချိန်နှင့်တစ်ပြေးညီထုတ်ပေးသည့် အခမ်းအနား၏ အချက်အလက်များအရ သိရသည်။

(၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလတွင် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း (၃၀၀၆) ဖွဲ့ ရှိခဲ့ရာမှ ယခုအခါ (၃၁၄၅) ဖွဲ့အထိ ဖွဲ့စည်းပြီးဖြစ်သည့်အတွက် (၁၃၉) ဖွဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ (၂၀၂၆) ခုနှစ် ဧပြီလမှ ယနေ့အထိ အခြေခံအလုပ်သမား အဖွဲ့အစည်း (၁၁) ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်းတစ်ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ်သမား အဖွဲ့အစည်းတစ်ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ်တစ်ဖွဲ့ စုစုပေါင်း (၁၄) ဖွဲ့ တိုးမြှင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းခဲ့ခြင်းကြောင့် လက်ရှိနိုင်ငံတော်အစိုးရသည် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည့်အပြင် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာအခွင့်အရေးများ အပြည့်အဝရရှိအောင် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (Myanmar Coastal Seafarers Federation-MCSF) ၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှ Ayeyarwaddy Success Venture Foods (MDY) စားသောက်ကုန် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မှ Heri Garment အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ တောင်ငူမြို့မှတင်တင်စိန် အိတ်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပဲခူးမြို့မှ I Like Food စားသောက်ကုန် အခြေခံအလုပ်သမားအဖွဲ့အစည်း စုစုပေါင်း အလုပ်သမားအဖွဲ့အစည်း (၅)ဖွဲ့တို့ကို အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News