
ထိုက်စံ (NP News) - နိုဝင်ဘာ ၁ဝ
ပြည်တွင်း၌ ဆိုလာဝယ်လိုအား မြင့်တက်နေသော်လည်း ပစ္စည်းအလုံအလောက် ဖြည့်ဆည်းနိုင် ခြင်းမရှိကြောင်း ဆိုလာလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။ လက်ရှိတွင် ပြည်တွင်း၌ ဆိုလာ ဝယ်လိုအား များနေပြီး ဆိုလာလုပ်ငန်းရှင်များက သွင်းကုန်လိုင်စင်များ မရရှိသေးသည့်အတွက် ဆိုလာ ရောင်းချရန် အခက်အခဲများရှိနေကြောင်း သိရသည်။
“ဆိုလာတွေကတော့ အမှန်အတိုင်းပြောရင် အစ်ကိုတို့ ကုမ္ပဏီကတော့ သွင်းကုန်က လျှောက် လည်း မကျဘူးဖြစ်နေတာပဲ။ အခုကပြည်တွင်းမှာ Demand ကရှိနေပြီး သွင်းလို့ကမရဘူးဖြစ်နေတာ ပေါ့။ အခုကျွန်တော်တို့တောင် ဘာမှလုပ်လို့မရဘူးဖြစ်နေတာပေါ့။ ဒီဘက်က အဝယ်တွေက အများကြီး ရှိနေတာပေါ့။ အခုဆိုရင် တရုတ်ဘက်က သူတို့ပစ္စည်းကိုရောင်းစေချင်တယ်။ ဒါပေမဲ့ လိုင်စင်က မရ သေးဘူးဆိုတော့ ဘာမှလုပ်လို့မရဘူးဖြစ်နေတာ။ တခြားကုမ္ပဏီတွေလည်း အဲဒီအတိုင်းဖြစ်နေတာပေါ့။ သူများတွေ ပါမစ်ရတာတွေ ရောင်းတဲ့ဟာကိုလိုက် ဝယ် အဲဒီလိုလေးတွေ စုံစမ်းနေရတာပေါ့”ဟု ၎င်းက ပြောသည်။
ထိုသို့ ဆိုလာများတင်သွင်းရန် အခက် အခဲရှိနေသဖြင့် လက်ရှိတွင် ယခင်ကတင်သွင်းထား သည့်ပစ္စည်းအနည်းငယ်ဖြင့်သာ လည်ပတ်နေရ ကြောင်း သိရသည်။ “အခုလက်ရှိကတော့ ကျွန်တော် တို့ကုမ္ပဏီအနေနဲ့တော့ ရပ်ထားရတာပေါ့။ အရင်က သွင်းထားတဲ့ လက်ကျန်လေးတွေနဲ့ပဲ လုပ်ပေးနေရ တာပေါ့။ ကျန်တဲ့ အသစ်ဟာတွေကတော့ လုပ်ပေးလို့မရဘူး ဖြစ်နေတာ။ ပရောဂျက်ကိုတောင် လက် မခံရဲဘူးဖြစ်နေတာ။ ကျွန်တော်တို့လက်ခံပြီးမှ လိုင်စင်ကမကျရင် ကျွန်တော်တို့က ကြားထဲကနေ ပြန် လျော်ရတာတွေ ကုမ္ပဏီပုံရိပ်ကျတာတွေရှိမှာပေါ့။ တခြားဖြစ်နေတဲ့ ကုမ္ပဏီတွေလည်း ရှိမှာပေါ့”ဟု ၎င်း ကပြောသည်။
ထို့ပြင် လိုင်စင်မရရှိသည့် ဆိုလာလုပ်ငန်း ရှင်အချို့မှာ ပစ္စည်းပြတ်နေသည့်အတွက် ပွဲစားများမှ တစ်ဆင့် ဈေးကြီးပေးဝယ်၍ လုပ်ဆောင်နေရကြောင်း ၎င်းကဆိုသည်။ “တချို့လိုင်စင်ကျတော့ ကျနေ တာပဲ။ ဒါပေမဲ့ တကယ်လုပ်တဲ့သူတွေ မဟုတ်ဘူးဖြစ်နေတာ သိလား။ ကျွန်တော်တို့ တကယ်လုပ်ချင် တဲ့သူတွေ ကလိုင်စင်မကျတော့ ပွဲစားတွေကနေတစ်ဆင့် ပြန် ဝယ်ရတာတွေရှိပြီး ဈေးကခေါင်ခိုက်နေ တာပေါ့”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဆိုလာလိုအပ်ချက်မှာ မြင့်တက်နေသော်လည်း ရောင်းလိုအား၌ ဖြည့်ဆည်းနိုင်ခြင်း မရှိသည့်အတွက် ဆိုလာလုပ်ငန်းရှင်အချို့မှာ ဝယ်ယူသူများအား လက်လွတ်ခံရသည့် အခြေအနေများရှိ ကြောင်း သိရသည်။
“အခုပြည်တွင်းမှာ ဆိုလာလုံလောက်မှု မရဘူးဖြစ်နေတာ။ ဆိုလာလုပ်ချင်တဲ့သူက အများကြီး ပဲ။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ဆိုရင် အခု ကွန်တိန်နာ (၅)လုံးလောက်လိုချင်တာ။ ဖြန့်ရမှာတွေရှိတာ ပေါ့ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့။ ဒါပေမဲ့ တစ်လုံးမှကို သွင်းလို့မရလို့တိုင်ပတ်နေတာ။ ကျွန်တော်တို့ ဒီမှာ ဝယ်လိုအားတွေက ကွန်တိန်နာ(၅)လုံး၊(၆)လုံးလောက်ရှိတယ်။ အနည်းဆုံးပေါ့။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တစ်လုံးသွင်းဖို့ကိုတောင် တိုင်ပတ်နေတာပေါ့။ လိုင်စင်မရတော့ လိုင်စင်ရှိတဲ့နေရာတွေ သွားဝယ်မယ်ဆိုလည်း ဈေးက(၂)ဆလလောက်ဖြစ်နေတာ။ အခုဆိုရင် မီးပျက်တာတွေကြောင့်လား မသိဘူး။ ဝယ်လိုအားပိုပြီးတက်လာတယ်။ တက်လာတော့ကျွန်တော်တို့က လုံးဝ Supply အားကို မလုပ် နိုင်ဘူး။ တချို့ ပရောဂျက်တွေဆို လာတာရှိတယ်။ ကျွန်တော်တို့မှာ ဒီလိုအခက်အခဲတွေရှိလို့ လက်မခံ ရဲဘဲ လက်လွတ်ခံနေရတာပေါ့။ Import လိုင်စင်က လုံးဝမရှိဘူး”ဟု ၎င်းကပြောသည်။
