
မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် သရက်ကုန်းရပ်နေ ဆရာဝန်တစ်ဦး၏ နေအိမ် ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်စုစုပေါင်း ကျပ်သိန်း ၁၁၆၀ ကျော်ဖိုး ခိုးယူခံခဲ့ရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ညနေပိုင်းအချိန် အဆိုပါ သီရိမြိုင်နယ်မြေ သရက်ကုန်းရပ်ရှိ မှော်ရုံကျောင်းတိုက်အရှေ့တွင် “လှိုင်လင်း” အမည်ဖြင့် ဆေးခန်းဖွင့်လှစ်ထားသည့် ဒေါက်တာနေလင်းအောင် ၏နေအိမ်၌ ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဒေါက်တာနေလင်းအောင်ရဲ့ဆေးခန်းက သရက်ကုန်းရပ် မှော်ရုံကျောင်းတိုက်အရှေ့မှာပါ။ သူ့အိမ်ကတော့ ဆေးခန်းရဲ့အနောက်လမ်းမှာရှိတာပါ။ အခုက ဆရာဝန်ရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရတာပါ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ယင်းနေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါက်တာနေလင်းအောင် နှင့် ဇနီးဖြစ်သူတို့ ဆေးခန်းပိတ်ပြီးနေအိမ်သို့ပြန်လာစဉ် အိမ်နောက်ဖေး ထမင်းစားခန်းတွင် ထမင်းဘူးများသွားထားစဉ် အိမ်နောက်ဖေးတံခါးမကြီးပွင့်နေသည်ကို တွေ့ကြရ၍ နေအိမ်အိပ်ခန်းအတွင်း သွားရောက်ကြည့်ရှုခဲ့ကြရာ အိပ်ခန်းအတွင်း ပစ္စည်းများပြန့်ကြဲနေပြီး အိပ်ကုတင်ခြေရင်းတွင် ထားရှိသည့် ဗိုလ်ထိုင်အိမ်သာအသစ်အတွင်း ၎င်း သိမ်းဆည်းထားသော ထိုင်းရွှေ ၂ ကျပ်သားရှိ ငါးရိုးကြိုး ဆွဲကြိုး တစ်ကုံး၊ ကာလတန်ဖိုးငွေသိန်း (၁၉၆) သိန်းကျပ်ခန့်၊ စိန်ပုံဆန်း လောကတ်သီး အလေးချိန် ၁၄ ဒဿမ ၉၃ ဂရမ်ခန့် တစ်ခု ကာလတန်ဖိုး ငွေသိန်း (၁၃,၄၈၀,၀၀၀) ကျပ်ခန့်၊ ၁၆ ပဲရည် ၁ ကွင်းလျှင် ၁ ကျပ်ခွဲရှိ ရေလှိုင်းလက်ကောက် လေးကွင်း ကာလတန်ဖိုးငွေသိန်း (၄၆၈) သိန်းကျပ် ခန့်၊ ရွှေချိန် ၁ ကျပ်သားရှိ မီးလင်းလက်စွပ် တစ်ကွင်း ကာလတန်ဖိုးငွေသိန်း (၇၈) သိန်းကျပ်ခန့်၊ ရွှေချိန် ၅ မူးသားရှိ ရေလှိုင်းလက်စွပ် တစ်ကွင်း၊ ကာလတန်ဖိုးငွေသိန်း (၄၅) သိန်းကျပ်ခန့်၊ ပန်းပွင့်ပုံစံရှိ စိန်နားကပ် ၁ ရံ ကာလတန်ဖိုးငွေသိန်း (၄၃) သိန်းကျပ်ခန့် ပျောက်ဆုံးနေခဲ့သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းကဆက်လက်ပြီး “အဲ့ဒီအပြင်ကို ဗိုလ်ထိုင်အိမ်သာပေါ်မှာ ထပ်တင်ထားတဲ့ အဝတ်ထည့်တဲ့ ကော်ဗုံးအတွင်းမှာ ထည့်ထားတဲ့ တစ်သောင်း တန်ငွေစက္ကူသိန်း (၂၀၀) ကျပ်လည်း ပျောက်ဆုံးခဲ့တယ်လို့ သိရတယ်။ စုစုပေါင်းတန်ဖိုး (၁၁၆,၄၈၀,၀၀၀) ကျပ်ခန့် ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး နေအိမ်အတွင်း ဝင်းရောက်ပြီး စိန်ရွှေရတနာများနှင့်ငွေ စုစုပေါင်းသိန်း ၁၁၆,၄၈၀,၀၀၀ ကျပ်ခန့် ခိုးယူသွားသူအား မုပွန်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၀ အရ အမှုရေးဖွင့်အရေးယူထားကြောင်းနှင့် ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေကြကြောင်း သိရသည်။