
တိုင်တန်းနစ် (Titanic) ထက်တောင် ပိုရှည်ပြီး တစ်ချိန်က ကမ္ဘာ့အမြန်ဆုံး သမုဒ္ဒရာကူး သင်္ဘောကြီးအဖြစ် ကျော်ကြားခဲ့တဲ့ S.S. United States သင်္ဘောကြီးကို ကမ္ဘာ့အကြီးဆုံး လူလုပ်သန္တာကျောက်တန်းအဖြစ် အသွင်ပြောင်းဖို့အတွက် မက္ကဆီကိုပင်လယ်ကွေ့မှာ နှစ်မြှုပ်တော့မှာ ဖြစ်ပါတယ်။
၁၉၅၀ ပြည့်နှစ်က S.S. United States သင်္ဘောကြီးကို တည်ဆောက်ခဲ့ရာမှာ လုပ်သားပေါင်း ၃၀၀၀ ကျော် ပါဝင်ခဲ့ပြီး ၁၉၅၂ ခုနှစ်က ပထမဆုံး ခရီးစဉ်မှာတင် ပျမ်းမျှအရှိန် တစ်နာရီကို ၄၁ မိုင်နှုန်း ခုတ်မောင်းပြီး အဲဒီကာလက အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။ ဒီသင်္ဘောကြီးဟာ အလျား ၉၉၀ ပေ (၃၀၂ မီတာ) ရှိပြီး တိုင်တန်းနစ် (Titanic) သင်္ဘောထက် ၁၀၈ ပေ (၃၃ မီတာ) ပိုမိုရှည်လျားပါတယ်။
သမိုင်းဝင် S.S. United States သင်္ဘောကြီးကို ဖလော်ရီဒါပြည်နယ်၊ ပန်ဟန်းဒဲလ်ကမ်းလွန်ပင်လယ်ပြင်ထဲမှာ နှစ်မြှုပ်ဖို့ စီစဉ်ထားပြီး ဒီစီမံကိန်းကတော့ ဒေါ်လာ ၁၃.၅ သန်း ကုန်ကျမယ့် ရေရှည်စီမံကိန်း ဖြစ်ပါတယ်။
လူလုပ်သန္တာကျောက်တန်းအဖြစ် ဖန်တီးမယ့် အဲဒီနေရာကို ရေငုပ်ဝါသနာပါသူတွေနဲ့ ငါးဖမ်းသမားတွေ ပိုမိုလာရောက်စေဖို့ ရည်ရွယ်ထားပြီး တူနာငါး၊ မာလင်ငါးနဲ့ ငါးဓားရှည်တို့လို ပင်လယ်ငါးတွေအတွက်လည်း ခိုလှုံရာအိမ်ဂေဟာသစ်တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ထားပါတယ်။
S.S. United States သင်္ဘောကြီးဟာ အတ္တလန္တိတ်သမုဒ္ဒရာကို အကြိမ်ပေါင်း ၈၀၀ ကျော် ဖြတ်သန်းမောင်းနှင်ခဲ့ဖူးပြီး ဂရေ့စ်ကယ်လီ (Grace Kelly) နဲ့ အယ်လီဇာဘတ်တေလာ (Elizabeth Taylor) တို့လို ဟောလီးဝုဒ်မင်းသမီးဟောင်းကြီးတွေကို တင်ဆောင်ခဲ့ဖူးသလို အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) နဲ့ ဗြိတိန်ဘုရင်ဟောင်း အက်ဒဝပ် (၈) (King Edward VIII) တို့လည်း ဒီသင်္ဘောနဲ့ ခရီးသွားဖူးကြပါတယ်။
Ref: This ocean liner was the world’s fastest. It’s being sunk to make the largest artificial reef
NZ (ရိုးရာလေး)