Myanmar Digital News

ဒုတိယသမ္မတ ဦးညိုစော ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး ပို့ကုန်အခြေပြု အရန်ဆန်များသိုလှောင်ထားရှိသည့် သိုလှောင်ရုံများအခြေအနေ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်     နိုဝင်ဘာ   ၁၁

 

ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဌနှင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက မိမိတို့နိုင်ငံ၏ အဓိကသီးနှံမှာ ဆန်စပါးဖြစ်ပြီး အဓိက စိုက်ပျိုးရေး သီးနှံဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ လမ်းညွှန်ထားရှိသော စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ ဆန်စပါးကဏ္ဍ ထုတ်လုပ်မှုတိုးတက်ရေးနှင့် ပြည်ပ ဈေးကွက်ရရှိပြီး ပို့ကုန်တိုးမြှင့်ရေး လိုက်နာဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ့ဆန်စပါး ညီလာခံ-၂၀၂၂ ကျင်းပနိုင်ခဲ့မှုနှင့် ညီလာခံမှဖော်ထုတ်ရရှိခဲ့သည့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ သိုလှောင်ရုံများကို မြန်မာဆန်စပါး အွန်လိုင်းတွင် လွယ်ကူလျင်မြန်စွာ စနစ်တကျစိစစ်မှတ်ပုံတင် ထားရှိနိုင်ရေး၊ အတည်ပြု ထားသော သိုလှောင်ရုံလိုင်စင်အတွက် ဒီဂျစ်တယ်လက်မှတ် ထုတ်ပေးနိုင်ရေးနှင့် ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် သဘာဝဘေး အန္တရာယ်ကျရောက်သည့် ဒေသများတွင် ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး သင့်တော်သည့်ပမာဏတစ်ရပ်ကို အရန်ဆန်အဖြစ် နှစ်စဉ်စုဆောင်း ထားနိုင်ရေး အချက်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပဈေးကွက်ရရှိရေးနှင့် စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ ပြည်တွင်းဈေးနှုန်း တည်ငြိမ် မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင် ထားရှိမှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများရှိ ပြည်သူများအား အဓိကစားရေရိက္ခာဆန်ကို ဖြန့်ဖြူးထောက်ပံ့သွားနိုင်ရန် စုဆောင်းထားရှိမှုအခြေအနေများ၊ စူပါအယ်လ်နီညို သဘာဝဘေးကျရောက်လျှင် ရာသီဥတုဖောက်ပြန်နိုင်သည့်အတွက် အရန်ဆန် တိုးမြှင့်စုဆောင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး အရန်ဆန် တိုးမြှင့်စုဆောင်းနိုင်ရေးအတွက် သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းအားလုံး လိုအပ်သလို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌက ဆန်စပါးဈေးကွက်အခြေအနေ၊ အရန်ဆန် ထားရှိမှုအခြေအနေနှင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် အသင်းချုပ်များ၊ ဌာနဆိုင်ရာများနှင့် ပို့ကုန်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက အရန်ဆန်သိုလှောင်ထားရှိမှု၊ သဘာဝဘေးဒဏ်သင့် ဒေသများသို့ ဆန်ထောက်ပံ့မှု၊ ပို့ကုန်တင်ပို့မှုနှင့် ပြည်ပ ပို့ကုန် တိုးမြှင့်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ပို့ကုန်အခြေပြု အရန်ဆန်သိုလှောင်ရုံများ၌ အရန်ဆန်များ သိုလှောင်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

 



 

မူရင်းသတင်း — Myanmar Digital News