
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၁
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ရှော့တိုက် ဒုံးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချ တိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲ ကြီးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံသို့ ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့ရာ ဆေးရုံဝန်းအတွင်းရှိ သံဃာကုသဆောင်နှင့် ဆေးရုံ အစည်းအဝေး ခန်းမနေရာများသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးရုံအဆောက်အအုံရှိ ပြတင်းပေါက် မှန်တံခါးများ၊ မျက်နှာကျက်များ၊ အဆောက်အအုံနံရံများ၊ ရေပိုက်လိုင်း များနှင့် အခြားပရိဘောဂ ပစ္စည်းများ ဗုံးစထိမှန်ပျက်စီးခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒေသခံ ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည့်ဆေးရုံအား ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဒေသခံ ပြည်သူများက စက်ဆုပ်ရွံရှာစွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

