Myanmar Digital News

သယံဇာတကြွယ်ဝ၊ ပညာဉာဏ်ပြည့်ဝ၊ နှလုံးလှကြပြီဆိုလျှင် (၂)

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

“စက်စိုက်မွေး” အထက်တန်းကျောင်းများ

ကျွမ်းကျင်မှုအခြေပြုကျောင်းများ၊ အခြေခံပညာရေးမှ တက္ကသိုလ်၊ အဆင့်မြင့်ပညာရေး ကဏ္ဍတို့တွင် အရည်အသွေးမီပညာရေးပေးနိုင်ရန် အားကြိုးမာန်တက် ဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်သည် မြင့်သထက်မြင့်လာမည်။ အခြေခံပညာအလယ်တန်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံဘာသာရပ်များ သင်ကြားရေးနှင့် “စက်စိုက်မွေး” အထက်တန်း ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပြီး စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သော သိပ္ပံကျောင်းများကို တက္ကသိုလ်ကောလိပ်အဆင့် မြှင့်တင်ခြင်းနှင့် Polytechnic သိပ္ပံနှင့် တက္ကသိုလ် များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ်မွေးမြူရာတွင် ပုံစံသစ်နှင့်သွားရမည် ဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ် ပညာတတ်ကျွမ်းကျင်ပညာလုပ်သား

လူသားအရင်းအမြစ်ဖြစ်သည့် မွေးကင်းစ လူမမည်မှ အိုမင်းရင့်ရော်သူတို့အထိ ပါဝင်သည်။ လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ခြင်း၏ အမြင့်ဆုံး အမှတ်သို့ရောက်ဖို့ဆိုလျှင် ထိုသူမှာ -

ကုန်ထုတ်လုပ်ငန်းက တောင်းဆိုသည့် အရည်အသွေးအမျိုးအစားရှိရပါမည်။

နိုင်ငံသားတစ်ယောက်တွင်ရှိရမည့် လိုအပ်သော အရည်အသွေးရှိရပါမည်။

နိုင်ငံသားတိုင်းကို အဖိုးတန်သည့် အရင်းအနှီးအဖြစ်မှတ်ယူပြီး အရည်အချင်း၊ အရည်အသွေး တောက်ပြောင်လာအောင် ကျွမ်းကျင်မှုအဖုံဖုံရှိရန်၊ အစိုးရဝန်ထမ်း ဖြစ်ရေး၊ အစိုးရအလုပ်လုပ်ရေး တစ်မျိုးတည်း စဉ်းစားခြင်းမဟုတ်။ ပုဂ္ဂလိကလုပ်ငန်းများ ထူထောင်နိုင်ရန် ပညာရေးမှ မွေးထုတ်နိုင်မှုအပေါ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှိလာ နိုင်ပါသည်။

မြန်မာတို့ စာတတ်ရမည်။ KG + 9 ပြီးမြောက်အောင် ကျောင်းနေကြရမည်။ ဂဏန်းမသင် လာဘ်မမြင်၊ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့်မှ ပွဲလယ်တင့်ပါမည်။ စာမသင်လျှင် ပညာဆိုတာ မရနိုင်၊ သင်ညာမရနိုင်လျှင် ဗဟုသုတမကြွယ်နိုင်၊ ဗဟုသုတကြွယ်မှ ပညာ(wisdom)ဆိုတာရပြီး ပညာရမှ မှား၊ မှန် ဝေဖန်ပိုင်းခြားနိုင်သူဖြစ်မည်။ ၂၁ ရာစုခေတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပထဝီနိုင်ငံရေးများက ရှုပ်ထွေးလွန်းရာ အခြေခံပညာလောက်မှ မတတ်မြောက်သည့်လူထုဖြစ်နေလျှင် ဆင်းရဲဒုက္ခတွင်းမှ နက်သထက်နက်၊ ပြန်တက်ရန်ခက်လိမ့်မည်။ နိုင်ငံမတည်ငြိမ်လျှင်၊ စီးပွားရေး မဖွံ့ဖြိုးလျှင်၊ စီးပွားရေးကျဆင်း၊ ဆင်းရဲမွဲတေမှုနှင့် ကြုံရမည်ဖြစ်သည်။

ကျမ်းဂန်များ၌ ကံကို မျိုးစေ့၊ ဝီရိယကို မြေဩဇာ၊ ဉာဏ်ကို ရေနှင့် ခိုင်းနှိုင်းထားသည်၊၊ သစ်ပင်တစ်ပင်ဖြစ်ထွန်းရန် မျိုးစေ့ကောင်းရမည်၊ မြေဩဇာကောင်းရမည်၊၊ ရေပုံမှန်လောင်းရပါမည်။ လူတစ်လုံး သူတစ်လုံးဖြစ်ရန် ကံ၊ ဉာဏ်၊ ဝီရိယ သုံးမျိုးလုံး လိုအပ်သည်ချည်း။ အကယ်၍ မျိုးစေ့က သာမန်ဖြစ်စေကာမူ မြေဩဇာကောင်းမည်၊ ရေမှန်မှန် လောင်းပေးမည်ဆိုလျှင် သာမန်မျိုးစေ့မှ ထွားကျိုင်း သောအပင် ပေါက်နိုင်ပါသည်။ အလားတူ အတိတ်ကံက သာမန်ဖြစ်သည်ဆိုပါစို့၊ ဝီရိယကောင်းမည်၊ ဉာဏ်ကူကောင်းလျှင် လူကောင်းသူကောင်းဖြစ်နိုင်ပါသည်။ စိန်ခေါ်မှုများသော ခေတ်ကြီးထဲတွင် ဝီရိယနှင့်ဉာဏ်သာ အခက်အခဲထဲမှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။

ကျွန်တော်တို့ ငယ်စဉ်မှစ၍ ကြီးပြင်းလာသည် အထိ ပညာသင်ကြားကြသောအခါ −

သိဖို့ (learning to know)

ကျွမ်းကျင်ဖို့ (learning to do and be skillful)

ကိုယ်ကျင့်တရားကောင်းဖို့ (learning to be)

အတူတကွ နေထိုင်ကြဖို့၊ ခွဲခြားမှုမရှိဖို့ (learning to live peacefully together) ကိစ္စများ ပါဝင်ပါသည်။

ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတို့နှင့် ညီညွတ်မျှတစွာနေတတ်ရန် အလွန် အရေးကြီးလှသည်။ အတ္တ၊ ပရမျှတ၊ အပြုံးမပျက် လုပ်နိုင်ရန်လိုပါသည်။ အေးအေးဆေးဆေး၊ နွေးနွေး ထွေးထွေး၊ ဆွေးနွေးလုပ်ဆောင်တတ်ကြရန်၊ လူထုက အသိပညာ၊ အတတ်ပညာကြွယ်ဝရန်၊ တစ်သက်တာပညာဆည်းပူးရန် မည်မျှလိုအပ်ကြောင်း ထင်ရှားပါသည်။

နိုင်ငံတော်အစိုးရက ပညာရေးနှင့် နည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော် ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီး ဌာနများရှိ ပညာရေးကဏ္ဍများပါဝင်ပါက နိုင်ငံတော် ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်၊ လာမည့် ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင် နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့် တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်၊ လက်ရှိနိုင်ငံတော်အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ရာ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မြှုပ်နှံနေခြင်းပင်ဖြစ်သည်။ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းကြီးကို သင်ယူနေသော လူ့အဖွဲ့အစည်း ဖြစ်ရန် ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ ပညာရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော် ရေရှည်အကျိုးစီးပွားအတွက် ဘက်ပေါင်းစုံမှ အားထုတ်နေခြင်းဖြစ်သည်။

တက္ကသိုလ်များ၏ကဏ္ဍ

ရာစုနှစ် နှစ်ခု၊ နှစ်ပေါင်းနှစ်ရာကျော်ကြာ အမေရိကန်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဥရောပ၊ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့၏ ကောလိပ်နှင့် တက္ကသိုလ်များသည် တိုးတက်မှုအတွက် ကြိုးစားခဲ့သည်။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အင်ရိကိုဗာမီ ဦးဆောင်သော သိပ္ပံပညာရှင် ၃၉ ဦးက ချီကာဂို တက္ကသိုလ်မှာ အဏုမြူဓာတ်ပေါင်းဖိုကို တည်ဆောက်နိုင်ခဲ့သည်။ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နိုင်ငံတို့က ဓာတ်ပေါင်းဖိုများကို တည်ဆောက်နိုင်ခဲ့သည်။ ဂျပန်နိုင်ငံသည် အဏုမြူဗုံးဒဏ်ခံရသည့်နိုင်ငံ၊ မြေငလျင်ကြော၊ ငလျင်စက်ကွင်းထဲ၌ရှိနေသော်လည်း လျှပ်စစ် စွမ်းအင်ရရန် အဏုမြူဓာတ်ပေါင်းဖို ၅၀ ကျော်ကို စွန့်စွန့်စားစားတည်ဆောက်ပြီး လျှပ်စစ်စွမ်းအင် ထုတ်နေပြီဖြစ်သည်။

မြန်မာ့တက္ကသိုလ်များသည် တီထွင်ဖန်တီး ဆန်းသစ်နိုင်သည့်ပညာရပ်ကို တက္ကသိုလ်၌ ရှာဖွေကြပြီး ကိုယ့်ဒေသလူသားအရင်းအမြစ်၏ အရည်အသွေး၊ အရည်အချင်း၊ ကြံရည်ဖန်ရည်၊ စွမ်းဆောင်ရည်၊ တရားမျှတမှုနှင့် ကိုယ်ချင်းစာတရားတို့ကို တိုးတက်ပွားများအောင် ဆောင်ကြဉ်းပေးခြင်းဖြင့် အေးချမ်းသာယာသော မြန်မာပြည်သူတို့၏ လူမှုဘဝကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

အဓိကအားဖြင့် Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Innovation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်နေ သည်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ပညာရေးမြှင့်တင်မှုကို အကောင်အထည်ဖော်ရာ၌ မားမားမတ်မတ် ရပ်တည်ပေးနေသည်။ ပညာရေးကိစ္စသည် ပညာရေးဝန်ထမ်းများချည်းမရနိုင်၊ ပြည်သူလူထုတစ်ရပ်လုံး၏ အရေးကိစ္စဖြစ်သည်။

၂၁ ရာစု မြန်မာတက္ကသိုလ်များသည် သင်ကြားမှုသက်သက်မဟုတ်၊ ကမ္ဘာအရပ်ရပ်မှ တွေ့ရှိချက်များကို သင်ရုံသက်သက်မဟုတ်၊ တက္ကသိုလ်များသည် မိမိနယ်ပယ်တစ်ခုအတွင်း ထူးချွန်သူ အဆင့်မြင့်ဒီဂရီဘွဲ့ရသူများ မွေးထုတ် ပေးရုံသက်သက်မဟုတ်၊ တက္ကသိုလ်ပရဝဏ်အပြင် ဘက် စီးပွားရေးဖွံ့ဖြိုးရန်၊ လူမှုဘဝသာယာဝပြောရန်၊ နည်းပညာမြင့်မားရန်နှင့် ဝန်ဆောင်မှုကိုမြှင့်တင်ပေးရန် ပညာရေးက အရေးပါသောအခန်းကဏ္ဍ ဖြစ်လာသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ် တစ်ဝိုက်မှ တက္ကသိုလ်များသည်လည်းကောင်း၊ ထားဝယ်တက္ကသိုလ်သည်လည်းကောင်း၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေတက္ကသိုလ်များသည်လည်း ကောင်း ကုမ္ပဏီများနှင့်ပူးပေါင်းပြီး ထူးချွန်သော သုတေသီများ မွေးထုတ်ပေးနိုင်မှ လူမှုစီးပွားဘဝ သာယာမည်ဖြစ်သည်။

စိုက်ပျိုးရေးအားကောင်းသော၊ ခရီးသွားလုပ်ငန်းအားကောင်းသော ကိုယ်စားပြုနေသည့် တက္ကသိုလ်များ သူ့နေရာနှင့်သူ တည်ရှိပြီးဖြစ်သည်။ အချို့ဒေသများ၌ သမိုင်းကြောင်းများ၊ စာပေ၊ ယဉ်ကျေးမှုထွန်းကားကြွယ်ဝမှုများ ထူးထူးခြားခြားရှိသည်။ နိုင်ငံအနောက်ဘက်ပိုင်း၊ တောင်ဘက်ပိုင်းတို့ရှိ တက္ကသိုလ်များက ရေ၊ မြေ၊ သား၊ ငါး ပေါကြွယ်ဝမှု၊ ပင်လယ်ကမ်းရိုးတန်းကြွယ်ဝမှုနှင့် တချို့တက္ကသိုလ်များဆိုလျှင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နားလည်အောင် သုတေသနပြုကြရမည်။ တီထွင်ဆန်းသစ်မှု၊ ထပ်ဆင့်တန်ဖိုးမြှင့်သုတေသနများ လုပ်ကြရင်း ကိုယ့်ဒေသ၌အလုပ်လုပ်မည့် ဘွဲ့ရ သုတေသီများ မွေးထုတ်ရမည်ဖြစ်သည်။ လူ့အဖွဲ့အစည်း လိုအပ်ချက်၊ စက်ရုံများ လိုအပ်ချက်၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြည့်ဆည်းကြရမည် ဖြစ်သည်။

ပန်းမန်တို့ကြီးထွားပြီး လှပစွာဖူးပွင့်နိုင်ရန် ရေ၊ မြေ၊ လေနှင့် နေရောင်ခြည် လိုအပ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် နေရောင်ခြည်နှင့် အလားတူသော လူ့စွမ်းအားအရင်းအမြစ် စာတတ်ပေတတ်၊ ပညာတတ်၊ အသိပညာ၊ အတတ်ပညာတတ် လူကောင်းလူတော်များ လိုအပ်နေသည်။ အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများ ဖွံ့ဖြိုးအောင်အားထုတ်ကြရာတွင် တစ်သက်တာ သင်ယူမှုဖြင့် အားထုတ်ကြရပါလိမ့်မည်။ ဘွဲ့ရအဆင့်မှ ကျော်လွန်၍ အတွေ့အကြုံရင့်ကျက်သောအဆင့် ဖြစ်လာပြီဆိုလျှင် နက်နက်နဲနဲ တွေးခေါ်မြော်မြင် လာနိုင်မည်။ ပိုမိုသာယာ ဖြောင့်ဖြူးမည့်လမ်းကြောင်းများနှင့် ပန်းတိုင်ရောက်အောင်သွားနိုင်ကြသည်။

နိုင်ငံတော်ရွှေသီးဖို့ ရေသယံဇာတ

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့ ကိစ္စတွင် မြေ၊ ရေ၊ လေ၊ နေရောင်ခြည်ဖြင့် စိုက်ပျိုး ရေးနိုင်ငံဖြစ်သည့် အားလျော်စွာ လယ်ယာစိုက်ပျိုး ရေးပင်ဖြစ်သည်။ ကမ္ဘာ့မြေပြင်၏ ၇၀ ရာခိုင်နှုန်း သည် ရေနှင့်လွှမ်းခြုံထားသည့်အတွက် ရေက ပေါကြွယ်ဝသလိုထင်ရသည်။ သို့သော် ပင်လယ်ရေ သည် သောက်သုံးရေ၊ အိမ်သုံးရေနှင့် စိုက်ပျိုးရေ အဖြစ် တိုက်ရိုက်သုံး၍မရဆိုသည်ကို လူအတော် များများ နားမလည်ကြပါ။ ကမ္ဘာတွင် သဘာဝအလျောက် သောက်သုံး၍ရသော ရေပမာဏက ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ နောင်အနှစ် ၂၀- ၃၀ ကြာလျှင် ရေသုံးစွဲမှုပမာဏက ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

မြန်မာတို့၏ ရေသယံဇာတဟူသည် ပင်လယ်သမုဒ္ဒရာမှသည် မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ဟိမဝန္တာ၊ ဧဝရက်နှင့် ခါကာဘိုရာဇီတောင်ထိပ်မှ ရေခဲတောင်နှင့် ရေခဲမြစ် ရေခဲတို့ပါဝင်သည်။ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ကြီးသုံးသွယ်စီးဆင်းရာ လွင်ပြင်ကျယ် ကြီးရှိခြင်းကြောင့် မိုးရာသီတွင် ရေစတုရန်းကီလို မီတာ ခြောက်သောင်းခန့်လွှမ်းခြုံနေသည်။ နွေရာသီတွင်သာ ရေရှားပါးမှုကိုကြုံရတတ်သည်။ မြို့ပြများ၌ စိတ်ချရသော သောက်သုံးရေဖူလုံမှုသည် ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး တောအရပ်၊ ကျေးလက်ဒေသများတွင် ၅၀ ရာခိုင်နှုန်းရှိသည်။ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာတို့သည် ရေရှားပါးမှုမရှိသေးဟု ပြောနိုင်ပါသည်။

ဧရာဝတီ၊ စစ်တောင်းနှင့် သံလွင်မြစ်ကြီးများ သာမက မြန်မာနိုင်ငံရှိ အချို့သော မြစ်လက်တက်များမှ ရနိုင်သောရေသည် စိုက်ပျိုးရေးအတွက် အလွန်အဖိုးတန်လျက်ရှိပါသည်။

မြစ်ရေတို့က တောင်စွယ်၊ တောင်တန်းကြီးများကြားမှ စီးဆင်းလာသည်။ ထိုစီးဆင်းလာသောရေကို လမ်းခုလတ်၌ အင်းအိုင်များ၊ ဆည်ကြီးများအသွင်ဖြင့် ထိန်းထားနိုင်ခြင်းဖြင့် ရေကောင်းရမည်။ ထိုဆည်ကြီး၊ ရေအိုင်ကြီးများက မြေအောက်သို့ ယိုစီးဆင်းမည်ဆိုလျှင် မြေအောက်ရေသည် သောက်သုံး၍ရသည့်အဆင့်ဖြစ်သည်။ မြန်မာတို့သည် ကံကောင်းလျက်ရှိနေပါသေးသည်။

နိုင်ငံတကာစံချိန်စံညွှန်းမှာ စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက်၊ ရေအရင်းအမြစ်လိုအပ်ချက် ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိရှိသည်။ မြန်မာနိုင်ငံတွင် ၈-၁၀ ရာခိုင်နှုန်းသောရေကိုသာ ဆည်မြောင်းများမှ စိုက်ပျိုးရေးအတွက် သုံးနေပါသေးသည်။ မြန်မာတို့၏ ရေအရင်းအမြစ်သည် စက်မှုနှင့် စိုက်ပျိုးရေးအတွက် ဖူလုံနေပါသည်။

အနာဂတ်တွင် ရေပြဿနာ အကြီးအကျယ် ပေါ်ပေါက်လာခဲ့လျှင် မိုးရေကို မည်သို့ထိန်း၊ မြစ်ချောင်းက ရေကို မည်သို့စုစည်း၊ မြစ်ရေကို မည်သည့်နေရာမျိုးတွင်တင်ပြီး ဝမ်းစာဖူလုံရေး သာမက ကောက်ပဲသီးနှံမျိုးစုံစိုက်ရုံဖြင့် ချမ်းသာ သောလူမျိုး၊ ကျန်းမာသောလူမျိုးဖြစ်နိုင်ပါသည်။ ဆည်မြောင်းတာတမံများသည် ရေထိန်းဖို့၊ ရေတင်ဖို့ဖြစ်သည်။ မြန်မာတို့အတွက် မြစ်ကြီးသုံးသွယ်နှင့် ဧရာဝတီ မြစ်ရေတင်စီမံကိန်းများက ယနေ့အချိန် အခါအထိ အားရစရာကောင်းနေပါသည်။

စက်မှုထွန်းကားသောနိုင်ငံများတွင် လူတစ်ဦးချင်း တစ်နေ့ ရေသုံးစွဲမှုသည် လီတာ ၅၀၀ မှ ၈၀၀ အတွင်းရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံမှာ လီတာ ၆၀ မှ ၁၅၀ အတွင်း သုံးစွဲကြပါသည်။ သံ သံမဏိတစ်တန်ထုတ်လျှင် ရေလီတာ ခြောက်သောင်း၊ မော်တော်ကား တစ်စီးထုတ်လုပ်လျှင် ရေလီတာ သုံးသောင်း သုံးစွဲရသည်။

အမြဲစွတ်စိုလျက်ရှိသော ဧရာဝတီ၊ သံလွင်၊ စစ်တောင်း မြစ်ကြီးသုံးသွယ်က ရေအရင်းအမြစ် ဖြစ်သောကြောင့် အသက်သခင်ပင်၊ မြစ်ကြီးများဖြစ်၍ ရေချိုရရှိသည်။ ရေကြောင်းသွားလာရေးများ ဖော်ဆောင်နိုင်သည်။ စိုက်ပျိုးရေသုံးနိုင်သောကြောင့် ကမ္ဘာမှာ စံချိန်လွန်ရေအရင်းအမြစ်၊ သုံးတတ်လျှင် အဖိုးအနဂ္ဃတန်ပါသည်။

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်း၌ရှိပြီး ဆီးနှင်းများဖုံးအုပ်သော တောင်တန်းကြီးနှင့် စိမ်းလန်းစိုပြည်သော သစ်တောကြီးများမှ စီးဆင်းသောရေက အကောင်းဆုံးပင်။ ကမ္ဘာကကြိုက်နှစ်သက် လောက်သော (Mineral water) သဘာဝဓာတ်များ ပါဝင်သောရေဖြစ်သည်။ ရေသန့်စက်ရုံမလိုလောက်အောင် ကောင်းသောရေဖြစ်သည်။ ရေသန့်ကို မြစ်ကြီးနားမြို့အထက်ပိုင်း၌ ထုတ်လုပ်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ဆောင်နိုင်လျှင် လည်းကောင်း၊ ဧရာဝတီမြစ်ကြောအတိုင်း နိုင်ငံအလယ်ပိုင်းသို့ ပို့ဆောင်နိုင်လျှင်လည်းကောင်း စီးပွားဖြစ်ပြီ။ နည်းပညာမြင့်မားလျှင်၊ ရေအားလျှပ်စစ်ထုတ်နိုင်လျှင် အမှောင်ထုကို ခွင်းနိုင်ပါလိမ့်မည်။ နှစ်အနည်းငယ်အတွင်း ချမ်းသာမည် ဖြစ်ပါသည်။ နည်းပညာနည်းလျှင် ပင်လယ်ထဲ စီးဆင်းသည်သာ အဖတ်တင်ပါမည်။ ။

မူရင်းသတင်း — Myanmar Digital News