Myanmar Digital News

M-League II ပြိုင်ပွဲ ပွဲစဉ် (၅) ဆက်လက်ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်နှင့် ရခိုင်ယူနိုက်တက်အသင်း ရာနှုန်းပြည့် နိုင်ပွဲဆက်ဖွယ်ရှိနေ

ရန်ကုန်     နိုဝင်ဘာ    ၁၁

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်   မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ် (၅) ကို  နိုဝင်ဘာ  ၁၂ ရက်မှ ၁၄ ရက်အထိ  ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ   တက္ကသိုလ်နှင့်   ရခိုင်ယူနိုက်တက်အသင်း ရာနှုန်းပြည့်နိုင်ပွဲဆက်ဖွယ်ရှိနေသည်။

ယခုတစ်ပတ်တွင် တက္ကသိုလ်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း ပွဲချောင်နေပြီး VUE နေပြည်တော်အသင်းသည် ရွိုင်ရယ်ဒဂုံအသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်သည်။ ပွဲစဉ်(၅)အဖြစ် နိုဝင်ဘာ ၁၂ ရက်တွင် ပဒုမ္မာကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် Enjoy Brother အသင်း၊ တက္ကသိုလ်ကွင်း၌ ရွိုင်ရယ်ဒဂုံအသင်းနှင့် VUE နေပြည်တော်အသင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့် Asia Lion အသင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် YUSC ကွင်း၌ မနောအသင်းနှင့် Elite Kings အသင်း၊ တက္ကသိုလ်ကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် Junior Lions အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပွဲစဉ် (၄) အပြီးတွင် တက္ကသိုလ်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းက ၁၂ မှတ်စီ၊ Junior Lions အသင်းက ကိုးမှတ်၊ ရွိုင်ရယ်ဒဂုံအသင်းက ရှစ်မှတ်၊ VUE နေပြည်တော်အသင်းက ခုနစ်မှတ်၊ ရာမညယူနိုက်တက်အသင်းက ငါးမှတ်၊ Elite Kings အသင်းက သုံးမှတ်၊ မနောအသင်းက တစ်မှတ်ရရှိထားပြီး Asia Lion အသင်းနှင့် Enjoy Brother အသင်းတို့မှာ အမှတ်မရသေးပေ။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MLeague

မူရင်းသတင်း — Myanmar Digital News