Myanmar Digital News

အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (A) ဒုတိယနေ့တွင် အာဖဂန်နစ္စတန်နှင့် အင်ဒိုနီးရှားအသင်း အမှတ်ပြည့်ရရှိ

ရန်ကုန်     နိုဝင်ဘာ    ၁၁

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု(A) ဒုတိယနေ့ကို နိုဝင်ဘာ ၁၁ ရက်က ဆက်လက်ပြုလုပ်ရာ  အာဖဂန်နစ္စတန်နှင့် အင်ဒိုနီးရှားအသင်း အမှတ်ပြည့်ရရှိခဲ့သည်။

စတားစီးတီးကွင်း၌ ကျင်းပသည့်ပွဲတွင် အာဖဂန်နစ္စတန်အသင်းက ကမ္ဘောဒီးယားအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ အာဖဂန်နစ္စတန်အသင်းသည် နှစ်ပွဲဆက်အနိုင်ရလဒ် ရယူနိုင်ခဲ့ပြီး ကမ္ဘောဒီးယားအသင်းမှာမူ နှစ်ပွဲဆက်အရေးနိမ့်ခဲ့သဖြင့်  ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးနည်းသွားပြီဖြစ်သည်။ အာဖဂန်နစ္စတန်အသင်းသည် ခြေအသာဖြင့် ဖိကစားနိုင်ခဲ့ပြီး ၅၄ မိနစ်တွင် ဂျာဝိ၊ ၈၈ မိနစ်တွင် ဟိုင်ဒါရီက သွင်းယူကာ ပထမဂိုးမှာမူ ၁၉ မိနစ်တွင် ကမ္ဘောဒီးယားအသင်းမှ ဆိုမန် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။

သုဝဏ္ဏကွင်း၌  ကျင်းပသည့်ပွဲတွင်  အင်ဒိုနီးရှားအသင်းက ဖိလစ်ပိုင်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် အဖွင့်ပွဲတွင် ဂိုးပြတ်အနိုင်ရလဒ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းအတွက် အနိုင်ဂိုးများကို ၃၇၊ ၄၅+၁ မိနစ်တွင် ကူဆူမာ၊ ၇၇ မိနစ်တွင် မာဂျီစတာတို့က သွင်းယူခဲ့သည်။

အုပ်စု (A) ဒုတိယနေ့အပြီးတွင် အာဖဂန်နစ္စတန်အသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ အင်ဒိုနီးရှားအသင်းက  တစ်ပွဲကစား သုံးမှတ်၊ ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား သုံးမှတ်ရထားပြီး မြန်မာအသင်းက တစ်ပွဲကစား အမှတ်မရသေး၊ ကမ္ဘောဒီးယားအသင်းက နှစ်ပွဲကစား အမှတ်မရသေးပေ။

အုပ်စု(A) တတိယနေ့ကို နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး  သုဝဏ္ဏကွင်း၌ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ စတားစီးတီးကွင်း၌ အင်ဒိုနီးရှားအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-CFF

မူရင်းသတင်း — Myanmar Digital News