Myanmar Digital News

တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ

ပြည်တော် နိုဝင်ဘာ ၁၁

 

တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေ၏ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများသည် ဟောင်းနွမ်းပျက်စီးယိုယွင်းနေပြီး အန္တရာယ်ရှိနေပါသဖြင့်  ဖျက်သိမ်းခွင့်ပြုပါရန်နှင့် အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက မင်းလှမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းရှိ နေအိမ်လိုင်းခန်း ၁၄ လုံးရှိသည့်အနက် လူနေထိုင်ရန်မသင့်ဘဲ ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံသုံးလုံးသည် နှစ်ကာလကြာမြင့်၍ ဟောင်းနွမ်းပျက်စီးယိုယွင်းနေသော်လည်း တပ်ဖွဲ့ဝင်နှင့် မိသားစုများ လိုင်းခန်းလိုအပ်ချက်အရ လတ်တလောအစီအစဉ်ဖြင့် ပြုပြင်နေထိုင်လျက်ရှိပါကြောင်း။

 

သို့ပါ၍ မင်းလှမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းရှိ နေအိမ်လိုင်းခန်းများအနက် လူနေထိုင်ရန်မသင့်ဘဲ ပျက်စီးယိုယွင်းနေသည့် နေအိမ်အဆောက်အအုံသုံးလုံးအား နိုင်ငံပိုင်အဆောက်အအုံများ စာရင်းပြုစုခြင်း၊ စာရင်းအရထိန်းသိမ်းခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းနှင့် ဌာနပိုင်အဖြစ် သုံးစွဲခွင့်ရခြင်းလုပ်ငန်းစဉ် ဆိုင်ရာညွှန်ကြားချက်နှင့်အညီ စာရင်းပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ခြောက်ခန်းတွဲနှစ်ထပ်သံကူကွန်ကရစ် နေအိမ်အဆောက်အအုံတစ်လုံးအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ဖြည့်စွက်) တွင် လျာထားတောင်းခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဒေါက်တာဇော်ဇော်မြင့်၏ မြန်မာနိုင်ငံ၏ ရေပိုင်နက်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးတို့အတွက် ရေကြောင်းဆိုင်ရာဥပဒေများ (Maritime Law) နှင့် ပတ်သက်ဆက်စပ်သည့် ကဏ္ဍအလိုက်ပြဋ္ဌာန်းပြီး ဥပဒေမည်မျှရှိပါသနည်း၊ မရှိသေးပါက (သို့မဟုတ်) ထပ်မံ၍ လိုအပ်မည့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအပေါ် မည်သည့်အချိန်တွင် မည်ကဲ့သို့ စတင်ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းကောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ကာကွယ်ရေးဝန်ကြီးဌာနကလည်းကောင်း ရေးဆွဲပြဋ္ဌာန်းထားကြပါကြောင်း။

 

The Myanmar Merchant Shipping Act ကို ၁၉၂၃ ခုနှစ်ကရေးဆွဲ၍ ၂၀၀၇ ခုနှစ်တွင် နောက်ဆုံးပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး လက်ရှိတွင် ခေတ်နှင့်လျော်ညီအောင် ကုန်သည်သင်္ဘောဥပဒေ (Merchant Shipp-ing Law) (မူကြမ်း) ဟု ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ The Myanmar Registration of Ships Act ၊ ပင်လယ်ရေကြောင်းသွားလာမှု သဘောတူစာချုပ်များအက်ဥပဒေ၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေ၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေနှင့် The Ports Act (ဆိပ်ကမ်းများအက်ဥပဒေ) သည် ၁၉၀၈ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် နောက်ဆုံးပြန်လည်ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ မီးပြတိုက်အက်ဥပဒေ၊ The Bills of Lading Act ၊ The Carriers Act ၊ The Burma Carri-age of Goods by Sea Act နှင့် ဘက်စုံပို့ဆောင်ရေးဥပဒေတို့ကို ပို့ဆောင်ရေးဝန်ကြီးဌာနက ရေးဆွဲပြဋ္ဌာန်းထားပါကြောင်း။

 

ထို့ပြင် နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေနှင့် မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေများဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါဥပဒေနှစ်ခုကို ပေါင်းစပ်ပြင်ဆင်၍ ပင်လယ်ငါးလုပ်ငန်းဥပဒေအဖြစ် အသစ်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကလည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနကလည်းကောင်း၊ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကလည်းကောင်း၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေနှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေများကို ကျန်းမာရေးဝန်ကြီးဌာနကလည်းကောင်း ရေးဆွဲပြဋ္ဌာန်းထားကြပါကြောင်း။

 

ရေထုညစ်ညမ်းမှုဆိုင်ရာဥပဒေ (Marine Pollu-tion Law) (မူကြမ်း) နှင့် ပင်လယ်ရေကြောင်း အလုပ်သမားရေးရာဥပဒေ (မူကြမ်း) တို့သည် မိမိတို့နိုင်ငံတွင် မရှိသေးသည့်အတွက် ပြန်လည်ရေးဆွဲလျက်ရှိပါကြောင်း။

 

နိုင်ငံတိုင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေကြောင်းအကျိုးစီးပွား သို့မဟုတ် ပင်လယ်ပြင် အကျိုးစီးပွားကို အထောက်အကူအဖြစ် အသုံးပြုနေသည်ကို တွေ့ရှိရပါကြောင်း၊ ပင်လယ်ပြင်သည် နိုင်ငံတိုင်းအတွက် အရေးပါသည့် အရာတစ်ခုဖြစ်ပြီး အကျိုးရှိစွာအသုံးချနိုင်ရန်၊ နိုင်ငံ့အကျိုးစီးပွားကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် တင်ပြခဲ့သည့် ဥပဒေများသည် အရေးကြီးပါကြောင်းနှင့် ခိုင်မာသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်၏ အကျိုးစီးပွားများကို ကာကွယ်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာအုပ်စုရှိ ကျေးရွာ ၁၇ ရွာတွင် ဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်စေရန်အတွက် ကျောက်တောကျေးရွာ သို့မဟုတ် သင့်တော်ရာကျေးရွာတွင် ဆက်သွယ်ရေးတာဝါတိုင်များ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ကျောက်တောကျေးရွာအုပ်စုသည် ရပ်စောက်မြို့မှ ကီလိုမီတာ ၂၀ ကျော်ကွာဝေးပြီး ကျေးရွာ ၁၇ ရွာ အနက် ကျောက်တော၊ ဗန်းမက်၊ ကျောက်တစ်လုံး၊ လယ်ဝိုင်း၊ နန့်ဟူး၊ ဆင်သေကျေးရွာခြောက်ရွာ၌သာ လျှပ်စစ်မီးရရှိပြီး ကျန်ကျေးရွာ ၁၁ ရွာတွင် လျှပ်စစ်မီးမရရှိပါကြောင်း၊ သို့ပါ၍ MPT, ATOM နှင့် U9 အော်ပရေတာများအနေဖြင့် ကျောက်တောကျေးရွာအုပ်စုတွင် မိုဘိုင်းစခန်းအသစ်တည်ဆောက်ရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း။

 

သို့သော် ကျောက်တောကျေးရွာအုပ်စုရှိ ပြည်သူများဆက်သွယ်မှုပိုမိုကောင်းမွန်စွာ ရရှိအသုံးပြုနိုင်စေရန်ရည်ရွယ်၍ Mytel မိုဘိုင်းစခန်းအား ဗန်းမက်ကျေးရွာနှင့် ဟင်းခါးကုန်းကျေးရွာတို့တွင် တည်ဆောက်နိုင်ရေးမြေနေရာရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြေနေရာများရရှိပြီးပါက တာဝါတိုင်တည်ဆောက်ခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောက်တောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၇ ရွာအနက် ကျေးရွာရှစ်ရွာအတွင်းရှိ ပြည်သူများအနေဖြင့် Mytel ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများအား အပြည့်အဝရရှိအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။

ကျောက်တောကျေးရွာအုပ်စုအတွင်းရှိ ကျန်ရှိ သည့် ကျေးရွာကိုးရွာတွင် မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ်များ တည်ဆောက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိမှု၊ အဝေးဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ချိတ်ဆက်နိုင်မှုနှင့် နယ်မြေဒေသအခြေအနေများအပေါ် မူတည်၍ မြေပုံစစ်ဆေးတိုင်းတာခြင်းနှင့် မြေပြင်ကွင်းဆင်းတိုင်းတာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရရှိလာသောအချက်အလက်များအရ ဆက်သွယ်ရေးလိုအပ်ချက် စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက နိုင်ငံတော်ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် လျာထားစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဒေါက်တာအမ်ဇော်လတ် (ခ) ဆမ်းမားကို့ (စ်) ၏ ရှမ်းပြည်နယ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းမက်မန်းမြို့နယ်အတွင်း ဖုန်းနှင့်အင်တာနက်ဝန်ဆောင်မှုကောင်းမွန်လာစေရန် လိုအပ်လျက်ရှိသော တာဝါတိုင်များ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မက်မန်းမြို့နယ်တွင် ရပ်ကွက်နှစ်ခု၊ ကျေးရွာ ၅၁ ရွာနှင့် အိမ်ခြေစုစုပေါင်း ၃၉၈၃ အိမ်ခန့်ရှိပြီး လျှပ်စစ်မီးမရရှိသေးပါကြောင်း၊ ထို့ကြောင့် MPT နှင့် Mytel တို့၏ မိုဘိုင်းစခန်းများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဒီဇယ်အင်ဂျင်ဖြင့်သာ အသုံးပြု၍ ဝန်ဆောင်မှုပေးထားရပါကြောင်း၊ အဝေးဆက်သွယ်ရေးစနစ်ရယူထားသည့် မိုက္ကရိုဝေ့ဗ်အဝေးဆက်ကြောင်းတွင် ရာသီဥတုအခြေအနေကြောင့် ချို့ယွင်းမှုဖြစ်ပေါ်သည့်အခါများတွင် ဆက်သွယ်မှု ယာယီပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း။

 

မက်မန်းမြို့နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်ပြီး ပြန့်ကျဲစွာနေထိုင်ကြခြင်း၊ နယ်မြေဒေသသွားလာရခက်ခဲခြင်း၊ လျှပ်စစ်မီးမရရှိခြင်း၊ အဝေးဆက်ကြောင်းတည်ဆောက်ရန် ခက်ခဲခြင်းတို့ကြောင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် လတ်တလောမိုဘိုင်းစခန်းအသစ် ထပ်မံတည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း။

 

သို့သော် နယ်မြေဒေသများတွင် လျှပ်စစ်ဓာတ်အားရရှိမှု၊ အဝေးဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ချိတ်ဆက်နိုင်မှုနှင့် နယ်မြေဒေသ အခြေအနေများအပေါ်မူတည်၍ မြေပုံစစ်ဆေးတိုင်းတာခြင်းနှင့် မြေပြင်ကွင်းဆင်းတိုင်းတာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရရှိလာသော အချက်အလက်များအရ ဆက်သွယ်ရေးလိုအပ်ချက် စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက နိုင်ငံတော်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် လျာထားစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးထွန်းအောင်ဝင်း၏ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်နှင့် ကောလင်းခရိုင်အတွင်းရှိ နေရပ်စွန့်ခွာ ပင်စင်စားဝန်ထမ်းများအား မိမိတို့ရောက်ရှိရာဒေသရှိ ဘဏ်များတွင် Centralized e - Pension Card များဖြင့် ပင်စင်လစာထုတ်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Cen-tralized e - Pension Card နှင့် ပင်စင်လစာထုတ်ယူနိုင်သော ဘဏ်ခွဲများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာ့စီးပွားရေးဘဏ်ကသာခရိုင်ဘဏ်ခွဲကို နယ်မြေဒေသအခြေအနေများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နှင့် ကောလင်းမြို့နယ် ဘဏ်ခွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစ၍ ဘဏ်ဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းခဲ့ပါကြောင်း၊ ကသာခရိုင်ဘဏ်ခွဲကို ၂၀၂၆ ခုနှစ် မေ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကောလင်းမြို့နယ်ဘဏ်ခွဲကို ယနေ့အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း၊ Centralized e-Pension စနစ် ဆောင်ရွက်နိုင်ရေးအတွက် အင်တာနက်ရရှိမှုသည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်ကသာဘဏ်ခွဲနှင့် ကောလင်းဘဏ်ခွဲတို့တွင် အင်တာနက်လိုင်း မရရှိသည့်အတွက် Centralized e-Pension စနစ်ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း။

 

သို့သော် နေရပ်စွန့်ခွာ ပင်စင်စားဝန်ထမ်းများအား မိမိတို့ရောက်ရှိရာဒေသရှိ နီးစပ်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် e-Pension Card ဖြင့်လည်းကောင်း၊ အငြိမ်းစားလစာထုတ်စာအုပ်ဖြင့်လည်းကောင်း တင်ပြ၍ ပင်စင်လစာထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ မြို့နယ်ဒေသန္တရ အုပ်ချုပ်ရေးကောင်းမွန်စွာလည်ပတ်နိုင်မှု၊ အင်တာနက်လိုင်းရရှိမှုအခြေအနေတို့အပေါ် မူတည်၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် Centralized e-Pension စနစ်တိုးချဲ့ရန် ကျန်ရှိနေသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲများကို ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဖွင့်လှစ်ပေးရန် ကျန်ရှိနေသေးသော လူငယ်သင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းတို့အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေချထား ဖွင့်လှစ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့ ဖွင့်လှစ်နိုင်ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် MoU လက်မှတ်ရေးထိုးပြီးပါက စီမံကိန်းလုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

လူငယ်သင်တန်းကျောင်းကို ခေါင်ခမ်းကျေးရွာ အုပ်စုအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နှင့် ၁ မိုင်ခန့်အကွာ ၅ ဧကဧရိယာရှိ မြေနေရာတွင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ၆ လ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ရှေ့မျက်နှာစာအုတ်တံတိုင်း သံပန်းကာရံခြင်းနှင့် ကွန်ကရစ်တိုင် Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းကို လူငယ်သင်တန်းကျောင်းဖွင့်လှစ်မည့်နေရာနှင့် ၅ ဖာလုံခန့်အကွာ ဧရိယာ ၅ ဧကရှိ မြေနေရာကို လျာထားပါကြောင်း၊ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီးပါက ဖွဲ့စည်းပုံတိုးချဲ့ခွင့်ရရှိရေး တင်ပြဆောင်ရွက်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ သတ်မှတ် စီမံကိန်းကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အပြီးသတ်ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပြီးပါက သင်တန်းကျောင်းများကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရခွီဖုန် (Rakwi Pung) ၏ ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ဒီဂရီကောလိပ်/တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပူတာအိုမြို့မှ မြစ်ကြီးနားမြို့သို့ မိုင် ၂၀၀ ကျော်ကွာဝေးပြီး အချိန်ကြာမြင့်မှု၊ ခရီးစရိတ်နှင့် လမ်းခရီးအခက်အခဲများရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း၏ နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုနှင့် ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်မှုတို့အတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးတွန်းအားဖြစ်သည့် မြန်မာ့ပညာရေးအဆင့်အတန်း မြင့်မားရေးအတွက် နှစ်စဉ်နိုင်ငံတော်မှခွဲဝေပေးသည့် ပညာရေးရန်ပုံငွေများကို လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး (Human Capital) ကဏ္ဍတွင် ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ်စာရင်းများအရ ပညာရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် နိုင်ငံတော်၏ စုစုပေါင်းအသုံးစရိတ်အပေါ် (၆ ဒသမ ၄၆) ရာခိုင်နှုန်း၊ ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ်အပေါ် (၆ ဒသမ ၉၂) ရာခိုင်နှုန်းဖြစ်ပါကြောင်း။

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ပညာရည်မြင့်မားရေးနှင့် သုတေသနလုပ်ငန်းကို အဓိကဆောင်ရွက်လျက်ရှိသည့် ဦးစီးဌာနများဖြစ်သည့် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ် ရေးဦးစီးဌာနတို့သည် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် Education Management Information System-EMIS အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများ၏ စွမ်းရည်မြင့်မားလာစေရန် လမ်းညွှန်ပေးသည့် သုတေသနစာအုပ်စာတမ်းများ၊ အစီရင်ခံစာများ ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဦးစီးဌာနများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ပျမ်းမျှဘဏ္ဍာငွေ အသုံးပြုမှုရာခိုင်နှုန်း (၆၉ ဒသမ ၂၆ ရာခိုင်နှုန်း) ဖြစ်ပြီး ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနအနေဖြင့် (၇၃ ရာခိုင်နှုန်း) အထိ အသုံးပြုပါကြောင်း။

 

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေများကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍအတွက် ရလဒ်အခြေပြု (Result-based) စနစ်ဖြင့် ဦးစီးဌာနအလိုက် အဆင့်လိုက်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် အဆောက်အအုံများ ပြင်ဆင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်များ၊ အခြေခံအဆောက်အအုံ ထိန်းသိမ်းတည်ဆောက်ရေးကဏ္ဍများအတွက် ဘဏ္ဍာငွေများကို မဖြစ်မနေခွဲဝေသုံးစွဲနေရခြင်း ဖြစ်ပါကြောင်းနှင့် ရှေ့လာမည့် ဘဏ္ဍာရေးနှစ်များတွင် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး (Human Capital) ကဏ္ဍများအတွက် အကျိုးရှိအထိရောက်ဆုံးဖြစ်စေရန် ရည်မှန်းချက်ပန်းတိုင်များနှင့်အညီ အဆင့်လိုက်တိုးမြှင့်သုံးစွဲနိုင်ရေး၊ သက်ဆိုင်ရာကဏ္ဍအလိုက် ယခုထက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆက်လက်စိစစ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးအောင်ဆန်းထူး၏ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ရွှေကူမြို့နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများကို အခြေခံစားသောက်ကုန် (ဆန်၊ ဆီ၊ ဆား) များ ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များကို အထူးကိစ္စတစ်ရပ်အနေဖြင့် ပြန်လည်ပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံတော်မှ သတ်မှတ်ထားရှိသော ထောက်ပံ့ငွေများ အပြည့်အဝပေးနိုင်ခြင်း ရှိ/မရှိ၊ လိုအပ်သောနေရာများတွင် IDP Camp ယာယီစခန်းများ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စုရပ်နေရာများ၌ လစဉ်ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိသည့် ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ရွှေကူမြို့နယ်များမှ နေရပ်စွန့်ခွာပြည်သူများကို ယာယီနေထိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များတွင် IDP Camp များ၊ ယာယီခိုလှုံရာစခန်းများ ဆောက်လုပ်ပေးပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ငွေသားထောက်ပံ့ခြင်း၊ အခြေခံစားသောက်ကုန်များထောက်ပံ့ခြင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ယာယီနေရပ်စွန့်ခွာသူများအနေဖြင့် ရောက်ရှိရာဒေသများတွင် မိမိတို့၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မိမိတို့တတ်ကျွမ်းရာ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိမှု၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်စားလှယ်များ၏ ပံ့ပိုးမှုများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပြီး မှီခိုမှုကင်းသည့် ဘဝများကို ပြန်လည်ထူထောင်ရေးကို ဦးတည်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးကျော်ကျော်လတ်၏ မြန်မာနိုင်ငံတွင် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သော တစုတစည်းတည်းသော ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေ (Personal Data Protection Law) တစ်ရပ်အား အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးစိုးကြည်က နိုင်ငံတစ်နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာနှင့် အခြေခံအဆောက်အအုံများသာမက ပြည်သူများ၏ ယုံကြည်မှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်ဟု ယုံကြည်မှုရှိမှသာ အွန်လိုင်းဘဏ်လုပ်ငန်း၊ အီလက်ထရောနစ်ကုန်သွယ်ရေးနှင့် အစိုးရ၏ ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့် ဒေတာအချက်အလက်များ ဖလှယ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ယုံကြည်စိတ်ချရသော လုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေတစ်ရပ်ရှိခြင်းဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အရေးပါသည့် အခြေခံအချက်တစ်ခုဖြစ်လာနိုင်ပါကြောင်း။

 

ကိုယ်ရေးအချက်အလက်များကို ကာကွယ်ခြင်းသည် ဒေတာများကိုသာ ကာကွယ်ခြင်းမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု၊ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် ယုံကြည်မှုတို့အတွက် ကာကွယ်ခြင်းပင်ဖြစ်ပါကြောင်း၊ သို့ပါ၍ ပြည်ထောင်စုအစိုးရအနေဖြင့် သက်ဆိုင်ရာဌာနများ၊ ဥပဒေပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် သက်ဆိုင်သူများ ပူးပေါင်းပါဝင်စေပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီပြီး မြန်မာနိုင်ငံ၏အခြေအနေနှင့် သင့်လျော်သော ခေတ်မီဘက်စုံလွှမ်းခြုံသည့် ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်  အဆိုသည်ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ ဒီဂျစ်တယ်အနာဂတ်တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော အဆိုဖြစ်သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးအောင်လှထွေးက ပြည်သူတစ်ဦးသည် ဘဏ်စာရင်းဖွင့်ခြင်း၊ ဆေးကုသမှုခံယူခြင်း၊ အွန်လိုင်းမှ ပစ္စည်းမှာယူခြင်း စသည်တို့လုပ်ဆောင်ရာတွင် မှတ်ပုံတင်နှင့် နေရပ်လိပ်စာအချက်အလက်များပေးရာမှ လိမ်လည်မှုများဖြစ်လာနိုင်သည့်အတွက် ပြည်သူကို သတိထားနိုင်စေရန် အသိပညာပေးရန် လိုအပ်သကဲ့သို့ အချက်အလက်ကို လက်ခံသိမ်းဆည်းသည့် အဖွဲ့အစည်းများသည်လည်း တာဝန်ယူမှုတာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ လက်တွေ့အသုံးချနိုင်သည့် အခွင့်အရေးများကို ဥပဒေတွင် ထည့်သွင်းပေးရန်လိုအပ်ပါကြောင်း။

 

ထို့ပြင် အသေးစားလုပ်ငန်းများအတွက် လုပ်ငန်းအရွယ်အစားနှင့် အချက်အလက်၏ အန္တရာယ်အဆင့်အလိုက် လိုက်နာရမည့်တာဝန်များကို ချိန်ညှိပြီး လက်တွေ့သုံးနိုင်သည့် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးသင့်ပါကြောင်း၊ တိုင်ကြားမှုကို လက်ခံဖြေရှင်းပေးနိုင်သည့် ကြီးကြပ်ရေးစနစ်ထားရှိရန်လည်း လိုအပ်ပါကြောင်း၊ အရေးယူရာတွင်လည်း ပေါ့ဆမှုနှင့်  ရည်ရွယ်ချက်ရှိရှိ အလွဲသုံးစားလုပ်မှုကို ခွဲခြားပြီးထိခိုက်မှုအတိုင်းအတာ၊ ထပ်မံကျူးလွန်မှုနှင့် ပြင်ဆင်ဆောင်ရွက်ခဲ့မှုတို့ကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ ထိုစည်းကမ်းများကို အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် သက်ဆိုင်ရာလုပ်ငန်းသဘောအလိုက် ကျင့်သုံးနိုင်ရန်လိုအပ်ပါကြောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက်ဖြစ်စေ၊ ဥပဒေအရ စုံစမ်းစစ်ဆေးမှုအတွက်ဖြစ်စေ ခြွင်းချက်လိုအပ်ပါက ဥပဒေတွင် ရှင်းလင်းစွာသတ်မှတ်သင့်ပါကြောင်း၊ ဥပဒေမူကြမ်းရေးဆွဲမည့် အချိန်ဇယားနှင့် တာဝန်ယူမည့်အဖွဲ့ကို သတ်မှတ်ပြီး ဥပဒေပြဋ္ဌာန်းပြီးနောက် လက်တွေ့လိုက်နာနိုင်ရန် လမ်းညွှန်ချက်များနှင့် ပြင်ဆင်ချိန်ကိုပါ တစ်ပါတည်းစီစဉ်ပေးစေလိုပါကြောင်း၊ ထို့ကြောင့် လက်တွေ့အကျိုးရှိစေမည့် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးရန် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်က ကိုယ်ရေးအချက်အလက်ကာကွယ်ရေး (Personal Data Protection) ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ သိမ်းဆည်းခြင်း၊ ဖြန့်ဝေခြင်း၊ ရောင်းချခြင်းနှင့် အလွဲသုံးစားပြုခြင်းတို့မှ ကာကွယ်ပေးခြင်းဟု အဓိပ္ပာယ်ရပါကြောင်း၊ ခွင့်ပြုချက်မရှိဘဲ အခြားသူထံပေးအပ်လိုက်ခြင်း၊ အချက်အလက်များကို ရောင်းချခြင်း၊ အွန်လိုင်းမှ ခိုးယူခံရခြင်း၊ လိမ်လည်မှုများအတွက် အသုံးပြုခြင်း၊ မိမိနှင့်မသက်ဆိုင်သော ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်း စသည်တို့ဖြစ်ပေါ်လာပါက နိုင်ငံသားတစ်ဦးချင်းစီ၏ လုံခြုံရေး၊ ငွေကြေးနှင့် ကိုယ်ရေးလုံခြုံမှုတို့ကို ထိခိုက်စေနိုင်သောကြောင့် ဥပဒေနှင့် ကာကွယ်ပေးရန်လိုအပ်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံတွင် ၇၉ ရာခိုင်နှုန်းခန့်သည် ကိုယ်ရေးအချက်အလက်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။

 

ထို့ကြောင့် နိုင်ငံတကာစံနှုန်းများနှင့် နှိုင်းယှဉ်လေ့လာပြီး နိုင်ငံတော်၏လုံခြုံရေး၊ အများပြည်သူအကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ခြင်းတို့အတွက် ဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ ကိုယ်ရေးလုံခြုံမှုကို ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်ဌာန၊ အင်တာနက်အသုံးပြုမှုနှင့် ကိုယ်ရေးအချက်အလက်များကို ရယူနိုင်ခွင့်အခြေအနေ၊ နစ်နာသူများအတွက် လျော်ကြေးပေးနိုင်သည့်စနစ်၊ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းထားသည့် အစိုးရဌာနနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအပေါ် သီးခြား Personal Data Protection Law ပြဋ္ဌာန်းရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါဥပဒေသည် ပြည်သူများ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပေးနိုင်ရုံသာမက Digital Economy, E-Government, E-Commerce, Digital Banking နှင့် နိုင်ငံတကာ Data Flow များအတွက် ယုံကြည်စိတ်ချရသော ဥပဒေရေးရာကို တည်ဆောက်ပေးနိုင်မည်ဖြစ်ပါသောကြောင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၂) ဦးဝဏ္ဏစိုး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၉) ဒေါ်ကျင်သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဦးလွှမ်းမိုးနိုင်နှင့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးဖေသန့်ဇော်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပမည့် ၁၇ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းအဖွဲ့

မူရင်းသတင်း — Myanmar Digital News