Myanmar Digital News

နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးများအား အွန်လိုင်းစနစ်ဖြင့်တွေ့ဆုံ၍ ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး ဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်ဝန်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာလုပ်သားရှားပါးမှုနှင့် အစွန်းရောက် ရာသီဥတုသက်ရောက်မှုကို ကျော်ဖြတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလိုအပ်ချက်များ၊ ကိန်းဂဏန်းအချက်အလက်မှန်ကန်ရေးဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်မှုဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို နိုင်ငံတော်နှင့် ဝန်ကြီးဌာနက လိုအပ်သောနည်းပညာနှင့် ချေးငွေများ ပံ့ပိုးအားပေးဆောင်ရွက်လျက်ရှိရာ နှမ်းစိုက်ပျိုးထုတ်လုပ် လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး အထွက်နှုန်းကောင်းမွန်ရေး၊ ကာလအလိုက် သတ်မှတ်ထားသည့် ဆီထွက်နေကြာစိုက်ဧရိယာတိုးတက်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လိုအပ်ချက်များအပေါ် တာဝန်ရှိသူများကိုယ်တိုင်ကွင်းဆင်း၍ တောင်သူများ၏ လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ စိုက်ပျိုးမြေများ အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျ စိစစ်ကြပ်မတ်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးများက ဒေသအလိုက်ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပြည်တွင်းထုတ် လက်ဆွဲ ကောက်စိုက်စက်များ၊ လက်ဆွဲမျိုးစေ့ချကိရိယာများ အသုံးပြုဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News