NP News

ပြည်တော်ပြန်မည့် ရှိတ်ဟာစီနာနှင့် ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ဆက်ဆံရေး နောက်ဆုံး အခြေအနေ (နိုင်ငံတကာရေးရာ)

HtayOung (NP News)-နိုဝင်ဘာ ၁၂
အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ဘင်္ဂလားဒေ့ရှ်က ငြင်းဆိုလိုက်ကြောင်း၊ အဲ့ဒီအစား ၂၀၁၃ ခုနှစ် ဟာစီနာအစိုးရကိုယ်တိုင် အိန္ဒိယနဲ့ချုပ်ဆို ခဲ့တဲ့ “နှစ်နိုင်ငံ တရားခံ လွှဲပြောင်းရေး သဘောတူစာချုပ်” အရ ဟာစီနာကို လွှဲပြောင်းပေးအပ်ရန် ဒါကာက လိုလားတယ်လို့ THE Hindu (11 November 2026) က ရေးတယ်။
အိန္ဒိယကတော့ ပြစ်မှုကျူးလွန်သူ လွှဲပြောင်းပေးရေးမှာ ဥပဒေရေးရာ ကိစ္စရပ်တစ်ခုသာဖြစ်ကြောင်း၊ နိုင်ငံတကာ ခရီးသွားလာနိုင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အရေးပေါ် ခရီးသွားလက်မှတ်တို့လို ခရီးသွားစာရွက်စာတမ်းတစ်ခုခု လိုအပ်ကြောင်း ပြောဆိုတယ်။
လာမယ့် ဒီဇင်ဘာမှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး သူ့အပေါ် စွဲဆိုထားတဲ့ အမှုများကို ရင်ဆိုင်မယ်လို့ ပြောဆို သူ ဟာစီနာက လန်ဒန်အခြေစိုက် ဥပဒေအကျိုးဆောင်ကုမ္ပဏီတစ်ခုမှတစ်ဆင့် ကိုယ်ရေးအချက်အလက် ဖော်ပြထားတဲ့ စာရွက်စာတမ်းအသစ်များကို ရရှိရန် ကြိုးပမ်းနေတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မိမိတို့အနေဖြင့် "အကြမ်းဖက်သမားများ" ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ဒါကာမြို့မှာ ပေါက်ကွဲမှုများ၊ ပစ္စည်းလုယက်မှုများနဲ့ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်နေတယ်။ အတိုက်အခံပါတီများကလဲ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းထားနိုင်ခြင်းမရှိတဲ့အတွက် အစိုးရအပေါ် ဝေဖန်ပြောဆိုနေကြတယ်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ကျောင်းသားများ ဦးဆောင်တဲ့ ဆန္ဒပြမှုများ နိုင်ငံအနှံ့ ဖြစ်ပွားပြီးနောက် ရှိတ်ဟာစီနာအစိုးရ ပြုတ်ကျသွားပါတယ်။ အဲဒီအချိန်မှစပြီး အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာ သိသိသာသာ ယိုယွင်းလာခဲ့တယ်။ ဟာစီနာက အိန္ဒိယကို ထွက်ပြေးသွားခဲ့ပြီး၊ အဲ့ဒီမှာပဲ ဆက်လက်ရှိနေခြင်းက ကြီးမားတဲ့ သံတမန်ရေးရာ အငြင်းပွားမှုတစ်ခု ဖြစ်လာတယ်။ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရနဲ့ ယခုနောက်ပိုင်းလက်ရှိအစိုးရတို့က ဆန္ဒပြလှုပ်ရှားမှုများ နှိမ်နင်းမှုများနဲ့ ဆက်စပ်တဲ့ ပြစ်မှုများအတွက် ဟာစီနာကို တရားခံအဖြစ် ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားတယ်။ နယူးဒေလီကတော့ တောင်းဆိုချက်ကို ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်နေဆဲပဲလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ခ်ရာမန်ဟာ နယူးဒေလီမြို့ကို အလည်အပတ် မသွားရောက်နိုင်ပဲ ဖြစ်နေရတယ်။
နှစ်နိုင်ငံကြား မြစ်ချောင်း (၅၄) စင်း ဖြတ်သန်းစီးဆင်းနေပေမယ့် တရားဝင် မြစ်ရေခွဲဝေသုံးစွဲရေး သဘောတူညီချက်မှာ ဂင်္ဂါမြစ် (ဘင်္ဂလားဒေ့ရှ်တွင် ပက်ဒမာမြစ်) အတွက်သာ ရှိတယ်။ အဲ့ဒီသဘောတူညီချက်ကလည်း ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာမှာ သက်တမ်းကုန်ဆုံးလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ပူပြင်းခြောက်သွေ့တဲ့ ကာလများမှာ ရေရရှိမှု အာမခံချက်ပါဝင်ပြီး ယခုထက် ပိုမိုရေရှည်တည်တန့်နိုင်မယ့် သဘောတူညီချက်ကို လိုလားတယ်။ ၂၀၁၁ ခုနှစ်တုန်းက သဘောတူညီချက်ရရှိလုနီး ဖြစ်ပေမယ့် တီစတာမြစ်ဆိုင်ရာ အငြင်းပွားမှုမှာ ယနေ့တိုင် မဖြေရှင်းနိုင်သေးဘဲ အဓိက ပြဿနာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေတယ်။
ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများကလည်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားစေပါတယ်။ ဟာစီနာပြုတ်ကျ ပြီး ၂၀၂၅ ခုနှစ် ဘင်္ဂလားဒေ့ရှ်က ကုန်းလမ်းနယ်စပ်ဂိတ်အချို့မှတစ်ဆင့် အိန္ဒိယချည်မျှင်များ တင်သွင်းမှုကို ကန့်သတ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အိန္ဒိယကလည်း ဘင်္ဂလားဒေ့ရှ်ပို့ကုန်များ သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေမယ့် “ကုန်ပစ္စည်း ကူးပြောင်းသယ်ယူပို့ဆောင်ရေးစခန်းများ”ကို ရုပ်သိမ်းလိုက်ပြီး၊ ဘင်္ဂလားဒေ့ရှ် ကုန်ပစ္စည်းအချို့အပေါ် စည်းကမ်းတင်းကျပ်လိုက်တယ်။ အတားအဆီးများကို ဖယ်ရှားပေးရန် နှစ်ဖက်အပြန်အလှန် တောင်းဆိုနေကြပေမယ့် မကြာသေးမီ နယူးဒေလီ ဆွေးနွေးပွဲများအထိ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။
ဆက်ဆံရေးတင်းမာနေပေမယ့် အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေတယ်။ တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အမေရိကန်က ဒုတိယဖြစ်တယ်။
နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် အိန္ဒိယက သံတမန်ရေးအရ ကြိုးပမ်းနေတယ်။ ဒါပေမဲ့ နယ်စပ်ဒေသ အခြေအတင်နဲ့ အငြင်းပွားမှုများ၊ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံတွင်းသို့ ဝင်ရောက်လာစေရန် တွန်းပို့ကြောင်း စွပ်စွဲချက်များ၊ ဘင်္ဂလားဒေ့ရှ်က ပါကစ္စတန်ဘက်သို့ ပိုမိုယိမ်းယိုင်လာကြောင်း ယူဆရတဲ့ အခြေအနေများက အခက်အခဲများကို ပိုမိုရှုတ်ထွေးစေတယ်။ တင်းမာမှုများ ရှိနေပေမယ့် နှစ်နိုင်ငံစလုံးဟာ မဟာဗျူဟာမြောက် အပြန်အလှန် မှီခိုနေရတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး ပေါင်းဆောင်ရွက်မှုများကို ပြန်လည်ထူထောင်ရန် ဖိအားများနဲ့လည်း ရင်ဆိုင်နေကြရတယ်။

မူရင်းသတင်း — NP News