NP News

Binance ခရစ်ပတို ငွေကြေးတိုက်ခိုက်ခံရမှုက ပေးလိုက်သည့် ဆိုက်ဘာလုံခြုံရေးသင်တန်းများ

တင်ဇာ (NP News) - နိုဝင်ဘာ ၁ဝ

ကမ္ဘာ့အကြီးဆုံး ဒီဂျစ်တယ်ငွေကြေး လဲလှယ်ရေးကုမ္ပဏီဖြစ်သည့် Binance သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဟက်ကာများ၏ ထိုးဖောက်တိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားခဲ့ရသော အမေရိကန် ဒေါ် လာ (၆ ဒသမ ၃) ဘီလျံတန်ဖိုးရှိပိုင်ဆိုင်မှုများ၏ (၉၀)ရာခိုင်နှုန်းကို ပြန်လည်ကာမိအောင်စီစဉ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် ခရစ်ပတို ငွေကြေးအဟက်ခံရခြင်းကြောင့်ဆုံးရှုံးမှုများ၏ ရာ နှုန်းပြည့်ကို ပြန်လည်စိုက်ထုတ်ပေးမည်ဟု အစဉ်တစိုက် ကတိပြုထားပြီးဖြစ်ရာ အဆိုပါ ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက်မှုများကိုအသုံးပြုသူများ ခံစားရမည်မဟုတ်ဘဲ ကုမ္ပဏီကသာ အပြည့်အဝ တာဝန်ယူ ဖြေရှင်းသွားမည်ဟု အောက်တိုဘာ (၃၁) ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ ဟက်ကာတိုက်ခိုက်ခံရပြီးနောက် ဆိုင်းငံ့ထားခဲ့ရသည့် ၎င်း၏ ကွန်ရက် အချို့မှ ငွေထုတ်ယူမှုများကိုလည်း ပြန်လည်စတင်ပေးထားပြီဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က စနေ နေ့တွင် ထုတ်ဖော်ပြောကြားရာ၌ မြောက်ကိုရီးယားတွင်တာဝန်ရှိကြောင်း ဆိုသည်။ ဟက်ကာများသည် ခိုးယူထားသောပိုင်ဆိုင်မှုများကို Ethereum ငွေကြေးအမျိုးအစားသို့ပြောင်းလဲနေကြောင်း တွေ့ရှိရပြီး ယင်းမှတစ်ဆင့် ဗဟိုထိန်းချုပ်မှုမရှိသည့် ဘဏ္ဍာရေးစနစ်များနှင့် ချက်ချင်းလဲလှယ်ပေးသည့် ဝန်ဆောင် မှုများကိုအသုံးပြုကာ နောက်ထပ်တစ်ကြိမ် ဆက်လက်ပြောင်းလဲသွားမည်ဟု မျှော်လင့်ရကြောင်း FBI က သုံးသပ်ထားသည်။
ယခု ဆုံးရှုံးသွားသော ဒေါ်လာ (၆ ဒသမ ၃) ဘီလျံဆိုသည်မှာ အလွန်ပင်ကြီးမားသော ငွေကြေး ပမာဏဖြစ်ပြီး သမိုင်းတစ်လျှောက်မဟုတ်လျှင် တောင်ခရစ်ပတိုလောကတွင်မူ အကြီးမားဆုံးသော ဘဏ္ဍာရေးဆိုင်ရာခိုးယူမှုနှင့် ဟက်ကာတိုက်ခိုက်ခံရမှုတစ်ခုအဖြစ်မှတ်တမ်းဝင်နေပြီဖြစ်သည်။ ဗြိတိန် ဘစ်ကွိုင်မူဝါဒ၏အရာရှိချုပ် ဖရက်ဒီနယူး၏ရှင်းပြချက်အရ ယခုကဲ့သို့ဖြစ်စဉ်မျိုးသည် ဒီဂျစ်တယ် ငွေ ကြေးပုံစံသစ်တစ်ခုနှင့်သက်ဆိုင်နေသော်လည်း တကယ်တမ်းတွင် ရှေးရိုးစွဲပုံစံမျိုးဖြင့်သာ ဖြစ်ပျက်သွား ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိထုတ်ဖော်ပြောကြားချက်များအရ အင်ဂျင်နီယာတစ်ဦး၏ ကွန်ပျူ တာ ထိုးဖောက်တိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်ပုံရပြီး ၎င်းမှာ လူမှုကွန်ရက်လှည့်စားမှု သို့မဟုတ် ဆော့ဖ် ဝဲလ်ပိုင်းဆိုင်ရာ အားနည်းချက်ကိုအသုံးချသွားသည့် ရှေးရိုးစွဲ နည်းလမ်းတစ်ခုသာဖြစ်သည်။
ဟက်ကာများသည် ၎င်းလက်ပ်တော့ပ်အတွင်းသို့ မည်ကဲ့သို့ဝင်ရောက်နိုင်ခဲ့သည်ကို အတိအကျ မသိရသေးသော်လည်း လက်ရှိတိုက်ခိုက်သူများသည် ခရစ်ပတိုကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေ သူများကိုပစ်မှတ်ထားကာ နည်းလမ်းအမျိုးမျိုးဖြင့် လေ့လာစုံစမ်းလျက်ရှိကြောင်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ဂျိတ်မူရာက ရှင်းပြသည်။ “ဝန်ထမ်းရှာဖွေပေးသူတွေအဖြစ်ဟန်ဆောင်ပြီး LinkedIn ဒါမှမဟုတ် အီးမေးလ်တွေကနေတစ်ဆင့် မက်ဆေ့ဂျ်တွေပို့ပြီး Video call ပြောဖို့ ဖိတ်ခေါ်ကြတယ်။ Zoom ကနေတစ်ဆင့်ပြောမယ်ဆိုပြီး အဲဒီလူတွေကို သီးသန့် Download link တစ်ခုဆီပို့ပြီး Download လုပ်ခိုင်းလေ့ရှိကြပါတယ်” ဟုဆိုသည်။ ထိုသို့ Download လုပ်ခိုင်းသည့် Link များကို စစ်ဆေးကြည့်ရာ တွင် ကွန်ပျူတာကို အလုံးစုံထိန်းချုပ်သွားနိုင်သည့် Malware များပြည့်နှက်နေကြောင်း တွေ့ရှိရသည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် LinkedIn ကဲ့သို့သော အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းများမှတစ်ဆင့် ပစ်မှတ်ထား မည့်ဝန်ထမ်းများကို လွယ်ကူစွာရှာဖွေနိုင်ကြကြောင်း ကျွမ်းကျင်သူများကထောက်ပြကြသည်။ ထို နေ ရာများတွင် မည်သူသည် မည်သည့်နေရာတွင် အလုပ်လုပ်နေသည်၊ မည်သည့်အရည်အချင်းနှင့် ကျွမ်း ကျင်မှုများပိုင်ဆိုင်ထားသည်ကို အလွယ်တကူသိရှိနိုင်သဖြင့် အင်တာနက်ပေါ်ရှိ Resume တစ်ခုသဖွယ် ဖြစ်နေကြောင်း ဂျိတ်မူရာကရှင်းပြသည်။ “LinkedIn လိုမျိုးနေရာတွေဟာ ဆိုက်ဘာတိုက်ခိုက်သူတွေ အတွက် ပြခန်းတစ်ခုလိုဖြစ်နေတာပါ။ ဘယ်သူ ဘယ်မှာအလုပ်လုပ်လဲ၊ ဘယ်လိုအရည်အချင်းတွေ ရှိလဲ ဆိုတာ သူတို့ ရှာဖွေလို့ရပါတယ်”ဟု ဆိုသည်။ ထို့ပြင် ဟက်ကာများသည် အဆိုပါ အချက်အလက်များ ကိုအခြေခံကာ လွတ်လပ်စွာရယူနိုင်သော သတင်းအချက်အလက် (Open-source research) နည်းလမ်း ဖြင့် သီးသန့်ပစ်မှတ်များကို ရှာဖွေတိုက်ခိုက်လေ့ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ “ဒါဟာ အလွန်ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ သူတို့က ယုံကြည်ရလောက်တယ်လို့ထင်ရတဲ့ လင့်ခ်တစ်ခုကို ပို့ ပေးပြီး ဒေါင်းလုတ်လုပ်မိအောင်စေခိုင်းကာ ဒီလိုဆိုက်ဘာတိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာတာဖြစ်ပါ တယ်”ဟု ဂျိတ်မူရာက ထောက်ပြပြောဆိုခဲ့သည်။
Binance က ဆုံးရှုံးမှုအားလုံးကို တာဝန်ယူ စိုက်ထုတ်ပေးမည်ဟုတာဝန်ခံခဲ့သော်လည်း ယခု ခရစ်ပတိုငွေကြေးတိုက်ခိုက်ခံရမှုသည် ထိုကဲ့သို့ ပလက်ဖောင်းများကိုအသုံးပြုနေသည့် User များ၏ ယုံကြည်မှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေသည်။ ခရစ်ပတို ပိုင်ဆိုင်မှုများသည် အခြေခံအားဖြင့် လက်ဝယ်ရှိသူ ပိုင် (Bearer assets) ပိုင်ဆိုင်မှုများဖြစ်ကာ လက်ဝယ်ရောက်ရှိသည်နှင့် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပြီးသား ဖြစ်သွားကာ ကြားခံမလိုဘဲ တိုက်ရိုက်လွှဲပြောင်းနိုင်သည့် အားသာချက်များရှိသကဲ့သို့ အားနည်းချက် များလည်း ရှိနေသည်။ ဘဏ်တစ်ခုထဲသို့ ဖောက်ဝင်ကာ ဘဏ်တိုက်အတွင်းရှိ ရွှေများကို ခိုးယူလိုက်ပါ က အဆိုပါရွှေသည် ခိုးယူသူ၏ လက်ထဲ သို့ ရောက်ရှိသွားသကဲ့သို့ ခရစ်ပတိုငွေကြေးတိုက်ခိုက်ခံရမှုများ ကိုလည်း ထိုနည်းအတိုင်း စဉ်းစားနား လည်နိုင်ကြောင်း ဗြိတိန်ဆိုင်ရာ ဘစ်ကွိုင်မူဝါဒ အရာရှိချုပ် ဖရက်ဒီ နယူးက သုံးသပ်တင်ပြထားသည်။
“ခရစ်ပတို ပိုင်ဆိုင်မှုတွေဟာ အခြေခံအားဖြင့် လက်ဝယ်ရှိသူပိုင် ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။ လက်ဝယ်ရှိသူပိုင် ဆိုတာက လက်ဝယ်ရောက်တာနဲ့ ပိုင်ဆိုင်ခွင့် လွှဲပြောင်းပြီးသားဖြစ်သွားပြီး ကြားခံ မလိုဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ရိုက်လွှဲပြောင်းလို့ရတဲ့အားသာချက်ရှိပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာ တော့ အားနည်းချက်တွေလည်း ရှိနေပါတယ်။ ဥပမာ- ဘဏ်တစ်ခုထဲကိုဖောက်ဝင်ပြီး ဘဏ်တိုက်ထဲက ရွှေတွေကိုခိုးယူလိုက်ရင် အဲဒီရွှေဟာ သင့်လက်ထဲရောက်သွားသလိုမျိုးပါပဲ။ ခရစ်ပတိုငွေကြေး ခိုးယူခံရ တာတွေကိုလည်း ဒီလိုနည်းအတိုင်းပဲ စဉ်းစားကြည့်လို့ရပါတယ်”ဟု ၎င်းကဆိုသည်။
ယခုအခါ မြောက်ကိုရီးယားနိုင်ငံသည် တင်းကြပ်သည့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများနှင့် ရင် ဆိုင်နေရသဖြင့် အစိုးရကျောထောက်နောက်ခံပြုထားသော Lazarus Group ကဲ့သို့သော ဟက်ကာ အဖွဲ့ များမှတစ်ဆင့် ဆိုက်ဘာခိုးယူမှုများပြုလုပ်ကာ နိုင်ငံအတွက် ဘဏ္ဍာရေးရန်ပုံငွေ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ အချို့ကထောက်ပြကြသည်။ “မြောက်ကိုရီးယားဟာ စိတ် ပျက်စရာကောင်းစွာနဲ့ပဲ ခရစ်ပတိုငွေကြေးဆိုင်ရာပြစ်မှုတွေကို အဓိကလုပ်ဆောင်နေသူတွေထဲက တစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ဟာ ပြင်းထန်စွာ ပိတ်ဆို့အရေးယူခံထားရတဲ့နိုင်ငံတစ်ခုဖြစ်နေ လို့ပါ။ အဲဒီ Lazarus Group အဖွဲ့ဟာ မြောက်ကိုရီးယား အစိုးရရဲ့လှုပ်ရှားမှုတွေကို ခိုးယူမှုတွေက တစ် ဆင့် ရန်ပုံငွေထောက်ပံ့ပေးဖို့ အဓိကလုပ်ဆောင်နေတာဖြစ်ပြီး ဒါဟာ တကယ့်ကိုဆိုးရွားလှတဲ့ အခြေ အနေတစ်ခုဖြစ်ပါတယ်” ဟုဆိုသည်။
ထို့ပြင် ယခုကဲ့သို့ ဒီဂျစ်တယ်နည်းလမ်းဖြင့် ခိုးယူမှုများသည် အလွန်တိုတောင်းသောအချိန်ကာ လအတွင်း ကြီးမားသည့်ငွေကြေးပမာဏကိုရရှိစေနိုင်သောကြောင့် ဟက်ကာများက ပစ်မှတ်ထားလုပ် ဆောင်ကြခြင်းဖြစ်ကြောင်း ဂျိတ်မူရာကရှင်းပြသည်။ “အဓိကကတော့ အချိန်တိုအတွင်း ငွေကြေးအများ ကြီးရရှိနိုင်တဲ့နည်းလမ်းဖြစ်လို့ပါပဲ။ ဒီ ဒေါ်လာ (၆) ဘီလျံတန်ဖိုးရှိတဲ့ခိုးယူမှုကြီးဟာ မိနစ်(၂၀)အတွင်း ဖြစ်ပွားခဲ့တာလို့ယူဆရပါတယ်။ တခြားနည်းလမ်းတစ်ခုခုနဲ့ ဘဏ်တစ်ခုဆီကနေ အဲဒီပမာဏရဖို့ နှစ်နဲ့ချီ ကြိုးစားရင်တောင် ရနိုင်မှာမဟုတ်ပါဘူး”ဟု ၎င်းကထောက်ပြပြောဆိုခဲ့သည်။
ဟက်ကာများအနေဖြင့် အချိန်တိုအတွင်း ကြီးမားသည့်ပိုင်ဆိုင်မှုများကိုခိုးယူသွားခဲ့သော်လည်း အချို့သော ဒီဂျစ်တယ်ငွေကြေးများတွင်ပါရှိသည့် ဗဟိုထိန်းချုပ်နိုင်စွမ်းကြောင့် ခိုးယူခံရသည့်ပိုင်ဆိုင်မှု များအနက် ထက်ဝက်နီးပါးကို တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများကထောက်ပြကြသည်။
“Tether လိုမျိုး ကမ္ဘာပေါ်မှာ အသုံးအများဆုံး Stablecoin တွေဟာ ဗဟိုထိန်းချုပ်မှုရှိတဲ့ ခရစ် ပတိုငွေကြေးအမျိုးအစားတွေဖြစ်ပါတယ်။ ထုတ်ဝေတဲ့ကုမ္ပဏီအနေနဲ့ အဲဒီဒင်္ဂါးတွေကိုပိတ်ပင်တာနဲ့ လိပ်စာတွေကို အမည်မည်းစာရင်းသွင်းတာတွေပြုလုပ်နိုင်တဲ့အတွက် Lazarus အဖွဲ့လိုလူတွေ ခိုးယူ သွားရင်တောင် အမှန်တကယ် ပိတ်ပင်တားဆီးလို့ရပါတယ်”ဟု ဖရက်ဒီနယူးကရှင်းပြသည်။ ထိုကဲ့သို့ ဗဟိုထိန်းချုပ်မှုရှိသော ခရစ်ပတိုစနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသမျှကာလပတ်လုံး ရာဇဝတ်အ ဖွဲ့များအနေဖြင့် ခိုးယူထားသည့်ငွေကြေးများမှတစ်ဆင့် အကျိုးအမြတ်ဆက်လက်ရရှိနေခြင်းကို တား ဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အလိုအလျောက်အလုပ်လုပ်နိုင်သော AI (Agentic AI) နှင့် အဆင့်မြင့် မော်ဒယ်များ တိုး တက်လာချိန်တွင် ယခုကဲ့သို့ ဖောက်ထွင်းတိုက်ခိုက်မှုမျိုးသည် ရိုးရာဘဏ်စနစ်များတွင်လည်း ဖြစ်ပွား လာနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများက သတိပေးကြသည်။ “ဒီ AI မော်ဒယ်တွေဟာ ခရစ်ပတိုကနေ တစ်ဆင့် ဘဏ်တွေဘက်ကိုဦးလှည့်လာကြတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာ တကယ်ပဲ စိုးရိမ်မိပါ တယ်။ ဘဏ်တွေရဲ့လုံခြုံရေးဟာ AI မော်ဒယ်တွေရဲ့ထိုးဖောက်မှုကိုခံထားရပြီးဖြစ်တဲ့ လုံခြုံရေးတွေ ထက် ပိုမိုခိုင်မာနေမယ်လို့ ပြောလို့မရပါဘူး”ဟု ၎င်းကသတိပေးသည်။
သို့သော် ယခုဖြစ်စဉ်တွင် ခရစ်ပတိုစနစ် ကိုယ်တိုင်ပျက်စီးသွားခြင်းမဟုတ်ဘဲ ခရစ်ပတိုဘဏ် သဖွယ်ဖြစ်နေသော ငွေကြေးလဲလှယ်ရေးကုမ္ပဏီတစ်ခုသာ ထိုးဖောက်ခံရခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုစနစ်မှာ မူလအတိုင်း ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ ဤကဲ့သို့သော ကြီးမားသည့် တိုက်ခိုက်မှုကြီးများ သည် ခရစ်ပတိုဈေးကွက်၏ အနာဂတ်ယုံကြည်မှုကိုထိခိုက် စေနိုင်သော်လည်း (၂၀၁၃)ခုနှစ်က Mt. Gox ဖြစ်စဉ်ကဲ့သို့ သမိုင်းတစ်လျှောက်တွင်လည်း ကြုံတွေ့ခဲ့ရ ဖူးကြောင်း ဖရက်ဒီနယူးက ထောက်ပြသည်။
အသုံးပြုသူများအနေဖြင့် ခရစ်ပတိုများကိုဝယ်ယူပြီး လဲလှယ်ရေးကုမ္ပဏီများတွင်သာ ဆက် လက်ထားရှိမည်ဆိုပါက Counterparty risk ဟုခေါ်သော စွန့်စားရမှုကို တာဝန်ယူနေရခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။ “ခရစ်ပတိုငွေကြေးရဲ့ ကောင်းမွန်တဲ့အချက်တစ်ခုက မိမိကိုယ်တိုင်သိမ်း ဆည်းပိုင်ဆိုင်နိုင်ခြင်း (Self-custody) နဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြစ်ပါတယ်။ ဥပမာ ငွေလွှဲဖို့ အတည်ပြုချက် သုံးခုအထိလိုအပ်တဲ့ Multi-sig စနစ်လိုမျိုး ကောင်းမွန်တဲ့စနစ်ကိုသုံးမယ်ဆိုရင် Exchange တစ်ခုထက်တောင် ပိုပြီးလုံခြုံစိတ်ချရပါတယ်” ဟု၎င်းကအကြံပြုသည်။ ထို့ကြောင့် အသေ အချာလေ့လာပြီးမှလုပ်ဆောင်ကြရန်နှင့် နှစ်ဖက်အတည်ပြုချက် (2FA) ကဲ့သို့သောလုံခြုံရေးများကို အလေးထားရန် ၎င်းကတိုက်တွန်းထားသည်။
အချုပ်အားဖြင့်ဆိုရသော် ဤဖြစ်စဉ်သည် ခရစ်ပတိုနယ်ပယ်အတွက် လုံခြုံရေးကိုတိုးမြှင့်ရန် သင်ခန်းစာကောင်းတစ်ရပ်ဖြစ်လာနိုင်သကဲ့သို့ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါ က ဈေးကွက်ယုံကြည်မှု တစ်ဆထက်တစ်ဆပျက်ပြားသွားမည့်အန္တရာယ်လည်းရှိနေသည်။ သို့ဖြစ်ပါ၍ ဤ ကဲ့သို့သော ငွေကြေးဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှုများကို ကာကွယ်တားဆီးနိုင်ရန် ကမ္ဘာ့နိုင်ငံများ အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကြပ်စွာ ပူးပေါင်းချမှတ်သွားရန်လိုအပ်နေဆဲဖြစ်သည်။

မူရင်းသတင်း — NP News