
Htay Oung (NP News) - နိုဝင်ဘာလ ၁၁
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်း အရဆိုရင် (၂၀၂၁) ခုနှစ်နောက်ပိုင်း ဝါရှင်တန်က ကျင့်သုံးခဲ့တဲ့ မူဝါဒပုံစံတွေထဲကနေ သိသာစွာ တစ် ဆစ်ချိုးပြောင်းလဲသွားပြီလို့ဆိုရပါလိမ့်မယ်။
ရိုက်တာသတင်းအေဂျင်စီရဲ့ နိုဝင်ဘာလ (၂) ရက်ကဖော်ပြခဲ့တဲ့သတင်းဟာ (၂၀၂၆)ခုနှစ် ဩဂုတ် လ (၃၁) ရက်နေ့မှာ အတည်ပြုပြီး အောက်တိုဘာလ (၁၆) ရက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ လူသိရှင်ကြားလွှင့်တင်ထားခြင်းကိုရှင်းပြခြင်းဖြစ်တယ်။ (၁၁) မျက်နှာပါ မဟာဗျူဟာစာ တမ်းအဖြစ်ဖော်ပြထားပြီး အမေရိကန်အစိုးရရဲ့ နိုင်ငံအလိုက် ဦးစားပေး မူဝါဒများကိုဖော်ပြထားတယ်။ ဒါပေမဲ့ သမ္မတရဲ့အမိန့် သို့မဟုတ် ကွန်ဂရက်ရဲ့ ဆုံး ဖြတ်ချက်တို့လို အာဏာသက်ရောက်မှုရှိတဲ့ စာတမ်း မဟုတ် သေးဘဲ အစိုးရဌာနတွေရဲ့လုပ်ငန်းဦးစားပေး၊ ရည်မှန်းချက်နဲ့ အရင်းအမြစ်ခွဲဝေမှုတို့အတွက် လမ်းမြေပုံဖြစ်တယ်။
ဝါရှင်တန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ စာတမ်းမှာ မစ်ရှင်ရည်မှန်းချက် (၄) ခု ပါဝင်တယ်။ (Pragmatic Business Plan & Realpolitie) အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစား ပေးပြီး ချက်ချင်းလက်ငင်း ရလဒ်ထွက်ပေါ်မှုကို အ ခြေခံတဲ့ နိုင်ငံရေးချဉ်းကပ်မှုတွေလို့ဆိုနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ “အမေရိကန် ဦးစားပေး” Amer- ican first ကို ရည်ညွှန်းရာမှာ လူသားချင်းစာနာမှု၊ ဒီမိုကရေစီ ပြန့်ပွားရေးစတဲ့အတွေးအခေါ်ပိုင်း ဆိုင် ရာ စံနှုန်းတွေထက် အရှိကို အရှိအတိုင်း လက်တွေ့ ကျကျတုံ့ပြန်တဲ့ နိုင်ငံရေး၊ တိုင်းပြည်တစ်ပြည်ကို ကုမ္ပဏီတစ်ခုလို အကျိုးအမြတ်ရရှိအောင် စီမံခန့်ခွဲ တဲ့ ချဉ်းကပ်မှုမျိုးဖြစ်တယ်။
(၁) အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအခြေစိုက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ကွန်ရက်များ၊ ကျားဖျန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကို တိုက်ဖျက်ရန်၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု လျှော့ချရေးနဲ့ နေရပ်ပြန်ပို့ရေးကိစ္စ ပူးပေါင်းဆောင် ရွက်ရန်
(၂) အမေရိကန်ကုမ္ပဏီများအတွက် ဒေါ်လာ (၅) သန်း အထက်တန်ဖိုးရှိတဲ့ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ် နှံမှုသဘောတူညီချက် အနည်းဆုံး (၃) ခု ရရှိရန်၊ (၂၀၃၀) ပြည့်နှစ်အရောက် အမေရိကန်ကုန်ပစ္စည်း နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့မှု (၃) ဆအထိ ကုန် သွယ်ရေးနဲ့ စီးပွားရေးတိုးမြှင့်ရန်။
(၃) (၂၀၃၀) ပြည့်နှစ်မတိုင်မီ ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်ဆီ ဦးတည်နိုင်မယ့် အပစ်အခတ် ရပ်စဲရေးလမ်းကြောင်း ဖော်ဆောင်ရန်။ ဘဏ္ဍာရေး ဖက်ဒရယ်စနစ်နဲ့ နယ်မြေသတ်မှတ်ရေးဆိုင်ရာ ဘက်စုံပါဝင်တဲ့ ဆွေးနွေးပွဲ (၃)ကြိမ်ထက်မနည်း ပြု လုပ်ရန်။ အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် မြေရှား သတ္တုအရင်းအမြစ်များ ရယူသုံးစွဲနိုင်ရေး အခွင့်အ လမ်းများဖန်တီးရန်။ ဆိုလိုတာက မြန်မာ့မြေရှားသတ္တု ကိစ္စဟာ သီးခြားသယံဇာတ စီးပွားရေးစီမံကိန်းတစ်ခု အဖြစ်သာမဟုတ်ဘဲ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အုပ် ချုပ်ရေးနဲ့ နယ်မြေသတ်မှတ်ရေးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုး စီးပွားအဖြစ်ချိတ်ဆက်ထားတယ်။ ဒါပေမယ့် အမေရိ ကန်က မြေရှားသတ္တုလုပ်ကွက်များကို ဘယ်အဖွဲ့ထံမှ ဘယ်လိုရယူမယ်ဆိုတာ စာတမ်းမှာ တိတိကျကျ ဖော် ပြထားခြင်း မရှိပါ။
(၄) ဒေသတွင်း အမေရိကန်ဩဇာလွှမ်းမိုးမှုနဲ့ သံတ မန်ဆက်ဆံရေးတိုးမြှင့်ရန်၊ ဒေသတွင်းမိတ်ဖက်များ နဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီလိုအပ် သူများရဲ့ (၅၀)ရာခိုင်နှုန်း ဖြစ်တဲ့ လူ(၃)သန်း ခန့် ထံ အထောက်အပံ့များ ရောက်ရှိစေရန်နဲ့ အမေရိကန်ရဲ့ အကူအညီပေးမှုကို ပိုမိုထင်ရှားစေရန်တို့ဖြစ်တယ်။
(၂၀၂၁) ခုနှစ်နောက်ပိုင်း အမေရိကန်ရဲ့ မြန်မာ နဲ့ပတ်သက်တဲ့ မူဝါဒမှန်သမျှဟာ ဒီမိုကရေစီပြန်လည် ထူထောင်ရေး၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုများ ကိုထောက်ပံ့ရေး၊ အမျိုးသားညီညွတ်ရေး အရိပ် အစိုးရ NUG နဲ့ ဆက်ဆံရေး၊ နေပြည်တော်အပေါ် ပိတ်ဆို့အရေးယူရေးတို့ကို အလေးထားခဲ့တယ်။ ယခု မဟာဗျူဟာသစ်မှာတော့ NUG ကို အတိုက်အခံ အင်အားစုများအဖြစ် သီးခြားအမည်ဖော်ပြခြင်း မရှိ တော့ဘဲ ထည့်သွင်းထားတယ်။
မြန်မာနိုင်ငံကို သီးခြားဝိုင်းပယ်ထားရန် နှစ် ပေါင်းများစွာ ကြိုးပမ်းခဲ့တဲ့မူဝါဒမှ နေပြည်တော်အပါ အဝင် ပဋိပက္ခမှာပါဝင်နေတဲ့အင်အားစုတွေနဲ့ ဆွေး နွေးဆက်ဆံရေး တိုးမြှင့်လာတဲ့လမ်းကြောင်းသစ် တစ်ခုဖြစ်တယ်။ အမေရိကန်ရဲ့ မူဝါဒပြောင်းလဲမှုဟာ ဦးမင်းအောင်လှိုင် အစိုးရသစ်အပေါ် အပြည့်အဝ ထောက်ခံလာခြင်းဖြစ်ကြောင်း တစ်ထစ်ချကောက် ချက်ချနိုင်ခြင်း မရှိသေးပါ။ မြန်မာစစ်ဘက်ခေါင်း ဆောင်ပိုင်းနဲ့ ဆက်စပ်သူတွေအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကိုဆက်လက် စွဲကိုင်ထားဆဲ ဖြစ်တယ်။ ထိတွေ့ဆက်ဆံရေးတိုးမြှင့်ခြင်းနဲ့ ပိတ်ဆို့ အရေးယူမှုဆက်လက်ထားရှိခြင်းတို့ကို တစ်ပြိုင် နက်တည်းကျင့်သုံးမယ့်အလားအလာ မြင်တွေ့ရ တယ်။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုဟာ မနေ့တနေ့ကမှ ဖြစ်လာခဲ့တာမဟုတ်ပါ။ အိန္ဒိယ တိုက်ငယ်၊ တရုတ်နဲ့ အရှေ့တောင်အာရှတို့အကြား တည်ရှိတဲ့ ပထဝီအနေအထားကြောင့် ကိုလိုနီခေတ် ကတည်းက အင်အားကြီးနိုင်ငံများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း စစ်အေးကာလတစ်လျှောက်လုံး အနောက်အုပ်စုနဲ့ ကွန်မြူနစ်အုပ်စုတို့ရဲ့ အားပြိုင်မှုကြား မြန်မာနိုင်ငံဟာ ဘက်မလိုက်မူဝါဒကို ကျင့်သုံးခဲ့တယ်။ (၁၉၈၈) နောက်ပိုင်း အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ တရုတ်နဲ့ စစ်ရေး၊ စီးပွားရေး ဆက်ဆံမှု ပိုမိုနီးကပ်လာအောင် တွန်းပို့လိုက်တယ်။
ဒါပေမဲ့ ဒီနေ့ကမ္ဘာ့အခြေအနေဟာ စစ်အေး ခေတ်နဲ့ မတူတော့ပါ။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ စစ်ရေးအပြင် နည်းပညာ၊ စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ မြေရှားလို မဟာဗျူဟာမြောက် သတ္တုအရင်းအမြစ်တွေအထိ ကျယ်ပြန့်လာတယ်။မြန်မာဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်တစ်ခုဖြစ်သလို အိန္ဒိယအတွက် အရှေ့ ဖက်ဆက်သွယ်ရေးတံခါးပေါက်လည်း ဖြစ်တယ်။ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ အိန္ဒိယရဲ့ ကုလား တန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ဆက်သွယ်ရေး လမ်းကြောင်းတို့ဟာ မြန်မာရဲ့ ပထဝီနိုင်ငံရေး အရေး ပါမှုကို ပိုမိုထင်ရှားစေတယ်။ ဒါ့ကြာင့် တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံအပေါ် သူတို့ရဲ့ ဩဇာကို ထိန်းသိမ်းရန်ကြိုးပမ်းနေကြသလို အမေရိကန်က လည်း မြန်မာ့အရေးမှာ ပြန်လည်ပါဝင်လာခြင်းဖြစ် တယ်။ ရုရှားကလည်း စစ်ရေးနဲ့ နိုင်ငံရေး ဆက်ဆံမှု တွေကနေ မြန်မာနိုင်ငံမှာ အခန်းကဏ္ဍတစ်ခုကို ဆက်လက်ရယူထားတယ်။
အမေရိကန်ရဲ့ မဟာဗျူဟာ စာတမ်းပါ ရည်မှန်း ချက်နဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ခြေကြား မှာ ကြီးမားတဲ့ ကွာဟချက်ရှိနေနိုင်တယ်။ အထူး သဖြင့် မြန်မာနဲ့ရေမြေချင်းထိစပ်နေတဲ့နိုင်ငံ (၅)နိုင်ငံ တို့ရဲ့သဘောထားကိုထည့်သွင်းသုံးသပ်ရလိမ့်မယ်။
ဘင်္ဂလားဒေ့ရှ်အတွက် အရေးကြီးဆုံးက ရခိုင်ပြည် နယ်အရေးနဲ့ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ နေရပ် ပြန်ပို့ရေးဖြစ်တယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ AA က နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ နေပြည်တော်တစ်ခုတည်းနဲ့ ဆွေးနွေးရုံနဲ့ ပြဿနာဖြေရှင်းဖို့ မလုံလောက်တော့ ပါဘူးလို့ယူဆထားပုံးရပြီး AA နဲ့ပါ ဆက်ဆံရမယ့် အခြေအနေရှိပါတယ်။ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို ကြိုဆိုနိုင်ပေမယ့် မြန်မာအပေါ် အမေရိ ကန်-တရုတ်ပြိုင်ဆိုင်မှုကြောင့် နေရပ်ပြန်ပို့ရေး အစီ အစဉ် ပိုမိုရှုပ်ထွေးလာမှာကိုလည်း စိုးရိမ်နိုင်တယ်။
မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဩဇာကြီးထွားလာမှုကို အိန္ဒိယက စိုးရိမ်ပါတယ်။ အမေရိကန်ရဲ့ ပါဝင်မှုကို တရုတ်ဩဇာထိန်းညှိရေးအတွက် အခွင့်အလမ်း တစ် ခုအဖြစ်ရှုမြင်နိုင်တယ်။ ဒါပေမဲ့ အိန္ဒိယဟာ အမေရိ ကန်နဲ့ တစ်သဘောတည်း လိုက်ပါမယ်လို့ မဆိုနိုင် ဘူး။ သူ့မှာကိုယ်ပိုင်အကျိုးစီးပွားတွေရှိတယ်။ အိန္ဒိယ အရှေ့မြောက်ဖျား နယ်စပ်လုံခြုံရေး။ ကုလားတန် စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ စီမံကိန်း၊ ဘင်္ဂလားပင်လယ်အော်အတွင်း မဟာ ဗျူဟာအရ ရပ်တည်နိုင်ရေး၊ မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ဩဇာကို ထိန်းညှိရေးတို့ဖြစ်တယ်။ အိန္ဒိယ ဟာ နေပြည်တော်နဲ့ ဆက်ဆံရေးတိုးမြှင့်ရင်း တခြား အတိုက်အခံအင်အားစုတွေနဲ့လည်း လမ်းကြောင်း ဖွင့်ထားတဲ့ နှစ်လမ်းသွားသံတမန်ရေးကို ကျင့်သုံးနေ တယ်။ တရုတ်အနေနဲ့ အမေရိကန်ရဲ့ ပါဝင်မှုကို ဗြောင်ကျကျ ဆန့်ကျင်လိမ့်မယ်လို့ မဆိုနိုင်ပေမယ့် မြန်မာနိုင်ငံမှာ အမေရိကန်ဩဇာတိုးလာခြင်း၊ အထူး သဖြင့် တရုတ်နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့ များနဲ့ အမေရိကန်က ဆက်ဆံရေးတည်ဆောက်လာ ခြင်းကို သတိထားစောင့်ကြည့်မှာပါ။ ထိုင်းရဲ့ အဓိက စိုးရိမ်ချက်က မြန်မာ့ပြည်တွင်းပဋိပက္ခကြောင့် နယ် စပ်လုံခြုံရေး၊ ဒုက္ခသည်စီးဝင်မှု၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ကုန်သွယ်ရေးထိခိုက်မှု တွေဖြစ်တယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်လည်တိုးတက်လာမှုကို ကြိုဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့ မဟာဗျူဟာသစ်အပေါ် NUG၊ PDF ၊ တရုတ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက် ကိုင်များ အပါအဝင်အားလုံးကို အားလုံးသိမ်းကျုံးပြီး သဘောထားတစ်မျိုးတည်း သတ်မှတ်လို့ မရပါဘူး။ အမေရိကန်ရဲ့ မူဝါဒဟာ (၂၀၂၁) ခုနှစ် နောက်ပိုင်း စစ်တပ်အပေါ် ဖိအားပေးရေးကနေ လက်ရှိအာဏာ ပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးဘက်ကို တစ်စိတ် တစ်ပိုင်း ရွေ့လျားလာတယ်။ အမေရိကန်က နေပြည် တော်ကို နိုင်ငံရေးအရ အသိအမှတ်ပြုလာနိုင်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ NUG နဲ့ PDF တို့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍ လျော့နည်းသွားနိုင်တယ်။ မြန်မာ့အနာဂတ်နိုင်ငံရေးပုံစံကိုဆုံးဖြတ်ရာမှာ တပ်မတော်နဲ့ အင်အားကြီးနိုင်ငံတွေသာလျှင် အဓိကဖြစ် လာနိုင်တယ်။
(၂၀၂၄) ခုနှစ် အောက်တိုဘာလမှာ KIA ဟာ ချီဖွေနဲ့ ပန်ဝါဒေသတွေကိုသိမ်းယူခဲ့ပြီး အရေးပါတဲ့ မြေရှားသတ္တုလုပ်ကွက်တွေကို ထိန်းချုပ်လာခဲ့တယ်။ (၂၀၂၆) ခုနှစ်Stimson Center လေ့လာချက်အရ မြန်မာနိုင်ငံမှာ မြေရှားသတ္တု မိုင်းတွင်းပေါင်း (၆၀ဝ) ကျော်ရှိပြီး အများစုဟာ ကချင်ပြည်နယ်မှာ တည်ရှိ နေဆဲဖြစ်တယ်။ မြန်မာ့ မြေရှားသတ္တုအများစုဟာ တရုတ်နိုင်ငံကို တင်ပို့နေတယ်။ KIA ရဲ့ သတ္တုတင်ပို့ ရေးဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်ရဲ့ သန့်စင်ထုတ်လုပ်ရေးစနစ်အပေါ် မှီခိုနေတယ်။
အမေရိကန်က မြေရှားသတ္တုရရှိရေးနဲ့ တရုတ် အပေါ် မှီခိုမှုလျှော့ချရေးကို ရည်မှန်းထားတယ်ဆိုရင် KIA နဲ့ တရုတ်ကြား လက်ရှိကုန်သွယ်ရေးဆက်ဆံ မှုကို ဘယ်လိုကျော်လွှားမလဲ။KIA ကို တရုတ်ဈေး ကွက်အပြင် တခြားဈေးကွက်တွေဆီ ဦးတည်လာ အောင် ဘယ်လိုဆွဲဆောင်မလဲဆိုတာ မေးခွန်းထုတ် စရာရှိတယ်။ အမေရိကန်ရဲ့ မဟာဗျူဟာသစ်အပေါ် မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့သဘောထားကို ခြုံငုံခန့်မှန်းရလျှင် UWSA ၊NDAA ၊ MNDAA တို့လို တရုတ်နဲ့ အနီးကပ်ဆုံး အဖွဲ့တွေက အမေရိကန်မဟာဗျူဟာအပေါ် ပိုမို သတိထားနိုင်တယ်။ သယံဇာတ အကျိုးစီးပွားရှိနေ တဲ့ KIA ကတော့ အမေရိကန်နဲ့ ညှိနှိုင်းနိုင်တဲ့ အခွင့် အလမ်းရှိပေမယ့် တရုတ်ကိုရင်ဆိုင်ရန် အလျင်စလို လုပ်မည်မဟုတ်ပါ။
အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးရှိတဲ့ KNU၊ CNF (ချင်း) စတဲ့ အဖွဲ့တွေက အမေရိကန်ရဲ့ ငြိမ်း ချမ်းရေးနဲ့ ဖက်ဒရယ်ရေးရည်မှန်းချက်ကို စိတ်ဝင် စားနိုင်ပေမယ့် နေပြည်တော်နဲ့ဝါရှင်တန်ရဲ့ ထိတွေ့ ဆက်ဆံမှုကို သတိထားကြည့်နိုင်တယ်။ အာရက္ခတပ် AA ကတရုတ်နဲ့ဆက်ဆံရေးကို ထိန်းသိမ်းရင်း အိန္ဒိ ယ၊ ဘင်္ဂလားဒေ့ရှ်အပြင် တခြားနိုင်ငံတွေအထိ နိုင်ငံ ခြားဆက်ဆံရေးကို ဖြန့်ကြက်နိုင်ဖွယ်ရှိတယ်။ အရေး ကြီးဆုံးက EAO အများစုဟာ အမေရိကန်ဘက်၊ တရုတ်ဘက်ဆိုပြီး ရိုးရိုးရှင်းရှင်း ရွေးချယ်ကြမယ့် အစား ကိုယ်ပိုင်နယ်မြေ၊ သယံဇာတနဲ့ အုပ်ချုပ်ရေး အာဏာကိုထိန်းသိမ်းနိုင်မယ့် နိုင်ငံတကာဆက်ဆံရေး မျိုးကို ရှာဖွေကြဖို့ ပိုများတယ်။
အမေရိကန်က မစ်ရှင်ရည်မှန်းချက်(၃)မှာ ဘက်စုံပါဝင်တဲ့ ဆွေးနွေးပွဲတွေကတစ်ဆင့် ဘဏ္ဍာ ရေး ဖက်ဒရယ်စနစ်နဲ့ နယ်မြေသတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ဖော်ဆောင်မယ်လို့ဆိုတယ်။ ဒါပေမဲ့ လက်တွေ့မှာ EAO အဖွဲ့အစည်းတွေကြား နယ်မြေထိန်းချုပ်မှု၊ သယံဇာတခွဲဝေမှုနဲ့ အုပ်ချုပ်ရေး အာဏာဆိုင်ရာ အကျိုးစီးပွားတွေ မတူညီကြပါ။ နယ် မြေပိုင်ဆိုင်မှု- စိုးမိုးလိုမှုမှာလည်း EAO အချင်းချင်း တုတ်တစ်ပြက် ဓားတစ်ပြက် ငြင်းခုန်နေရဆဲဖြစ်တယ်။ ဒီလိုအခြေအနေမှာ သဘောတူညီချက်ရရှိဖို့ဆိုတာ ဆွေးနွေးပွဲ (၃)ကြိမ် ကျင်းပရုံနဲ့ ဖြေရှင်းနိုင်စရာ မရှိပါ။ မြေပြင်အခြေအနေအရ အကောင်အထည် ဖော်ရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေတယ်။
အာဆီယံအနေနဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ် ပြန်လည်ပါဝင်လာမှုကိုအခြေခံအားဖြင့် ကြိုဆိုနိုင်ပါတယ်။ မြန်မာ့ပြဿနာကို အာဆီယံ တစ် ဖွဲ့တည်းဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့အတွက် အဖွဲ့အတွင်း သဘောထားကွဲပြားတွေရှိနေတယ်။ အာဆီယံတစ်ဖွဲ့လုံးအနေနဲ့တော့ မြန်မာ့အရေးကို ပြင်ပနိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှုအတွင်း မျောပါ မသွားစေလိုတဲ့ ဆန္ဒရှိတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအတွင်း အိန္ဒိယ-တရုတ်-ရုရှားတို့ရဲ့ စီမံ ကိန်းတွေကိုဖျက်သိမ်းရန် သို့မဟုတ် နှောင့်ယှက်ရန် ရည်ရွယ်ထားတယ်လို့ မဟာဗျူဟာသစ်မှာ တိုက်ရိုက် ဖော်ပြထားခြင်း မရှိပါ။ အဖြစ်နိုင်ဆုံးက အဲဒီ စီမံကိန်း တွေကို တိုက်ရိုက်ဖျက်ဆီးဖို့ ကြိုးပမ်းခြင်းအစား စီမံ ကိန်းတွေကို မှီခိုနေတဲ့ မြန်မာ့နိုင်ငံရေး၊ လုံခြုံရေးနဲ့ သယံဇာတဆိုင်ရာ အခြေအနေတွေကို ဩဇာလွှမ်းမိုး ရန် ရည်ရွယ်တယ်။ အမေရိကန်ဟာ ဒီစီမံကိန်းတွေ ကို တိုက်ရိုက်ဖျက်သိမ်းဖို့ထက် မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအဖြေရှာမှု၊ ဖက်ဒရယ်အုပ်ချုပ်ရေး၊ နယ်မြေ သတ်မှတ်ရေးနဲ့ သယံဇာတစီမံခန့်ခွဲမှုတွေမှာ ဩဇာရ ရှိဖို့ကြိုးပမ်းလာနိုင်တယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအပေါ် သွယ်ဝိုက်သက်ရောက်စေနိုင် ခြေကို အလေးထားတယ်။
အဲဒီလို ဩဇာပြိုင်ဆိုင်မှု ပြင်းထန်လာရင် မြန် မာနိုင်ငံအတွက် အန္တရာယ်က စီမံကိန်းတစ်ခုချင်း ပျက်စီးသွားခြင်းထက် အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအလိုက် ပြည်တွင်းနိုင်ငံရေးနဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေ ကွဲပြားမှု ပိုမိုနက်ရှိုင်းလာခြင်း ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားပြိုင်ဆိုင်ရာ နယ်မြေတစ်ခုဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်။ အထူးသဖြင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများအကြား သဘောထားကွဲပြားမှုများကို ပြင်ပနိုင်ငံများက သူတို့ရဲ့မဟာဗျူဟာအတွက် အသုံး ချလာပါက ပိုမိုရှုပ်ထွေးတဲ့ ပဋိပက္ခဖြစ်သွားနိုင်တယ်။ နိုင်ငံကြီးတစ်နိုင်ငံနဲ့ နီးကပ်ခြင်းက အခြားနိုင်ငံ တစ် နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာစေနိုင်တယ်။
ဒီနေရာမှာ ဆီးရီးယားပြည်တွင်းစစ်ဟာ သတိပြု စရာ သမိုင်းနမူနာတစ်ခုဖြစ်တယ်။ ဆီးရီးယားမှာ ရုရှား၊ အီရန်၊ တူရကီနဲ့ အမေရိကန်တို့က မတူညီတဲ့ ရည်မှန်းချက်များအရ စစ်ရေးနှဲ့နိုင်ငံရေးအရ ပါဝင်ခဲ့ ကြပြီး ပြည်တွင်း ပဋိပက္ခဟာ နိုင်ငံတကာပြိုင်ဆိုင်မှု နဲ့ ရောထွေးသွားခဲ့ရတယ်။ ဒါပေမဲ့ မြန်မာနဲ့ ဆီးရီး ယားတို့ရဲ့အခြေအနေမှာ အတိအကျတူညီခြင်း မရှိ ပါ။ အိမ်နီးချင်းနိုင်ငံများအနေနဲ့လည်း မြန်မာ့ပြည် တွင်းပဋိပက္ခကြောင့် သူတို့ရဲ့နယ်စပ်လုံခြုံရေးနဲ့ စီးပွားရေးထိခိုက်မှုကို လိုလားမယ်မဟုတ်ပါ။ အလား တူ သမိုင်းနောက်ခံကွဲပြားတဲ့အတွက် မြန်မာဟာ ယူကရိန်းလို ဖြစ်စရာမရှိပါ။ ဒါပေမဲ့ ပြင်ပနိုင်ငံများ ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအကျိုးစီးပွားတွေကြား ပိတ်မိသွားနိုင်တဲ့အန္တရာယ်ကိုလျှော့တွက်ရန် မသင့်ပါ။
မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးမေးခွန်းမှာ အမေရိကန်နဲ့ တရုတ်တို့အနက် ဘယ်နိုင်ငံနဲ့ ပိုမိုနီး ကပ်သင့်တယ်ဆိုတာထက် မိမိနိုင်ငံရဲ့ အကျိုးစီးပွား ကို နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှုအတွင်း မဆုံးရှုံးစေဖို့ ဖြစ်တယ်။ နေပြည်တော်အပါအဝင် ပြည်တွင်းနိုင်ငံ ရေးအင်အားစုတို့အကြား အနည်းဆုံး ဘုံသဘောတူ ညီချက်တစ်ခုမျှပင် မတည်ဆောက်နိုင်ပါက မြန်မာ့အ နာဂတ်ကို မြန်မာနိုင်ငံသားတွေကိုယ်တိုင် ဆုံးဖြတ် နိုင်တဲ့အခွင့်အလမ်းလည်း ပိုမိုကျဉ်းမြောင်းလာလိမ့် မယ်။ နိုင်ငံကြီးတွေရဲ့ အကူအညီရယူခြင်းနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးချခံရခြင်းတို့ဟာ မတူညီ ကြောင်းကို သတိပြုရန်လိုအပ်တယ်။