
သုတကျော် (NP News) - နိုဝင်ဘာလ ၁၂
မြန်မာနိုင်ငံရှိ အဖိုးတန်ဆုံး မြို့များအနက် တစ်မြို့။ သို့သော် အဆိုပါမြို့သည် အခြားတစ် ဖက်တွင် ဆင်းရဲချို့တဲ့လျက်ရှိသည်။ ယင်းကား အဘယ်နည်း။
မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတ များစွာကြွယ်ဝသည်ဖြစ်ရာ ယင်းသယံ ဇာတကို အမှီပြု၍ ထင်ရှားသောမြို့များစွာ ရှိကြ သည့်အနက် ဖားကန့်မြို့သည် ထိပ်တန်းစာရင်းဝင်မြို့ တစ်မြို့ဖြစ်ကြောင်း မည်သူမျှ ငြင်းနိုင်လိမ့်မည် မဟုတ်ပေ။
ကချင်ပြည်နယ်၏ လည်ဆွဲရတနာဟု တင် စားအပ်သော အဆိုပါဖားကန့်မြို့သည် မြန်မာနိုင်ငံ အတွင်းရှိ လူတို့၏ အသည်းနှလုံးကို ညှို့ငင်ဖမ်း စားခဲ့ဖူးသည်။ ဖားကန့်သို့သွားလိုသူ အများအပြား ပေါ်ပေါက်ခဲ့သော ခေတ်တစ်ခေတ်လည်း ရှိခဲ့ဖူးသည့် အပြင် ဖားကန့်အတွက် ကိုယ်ပိုင်သီချင်းဟု ဆိုအပ်သော သီချင်းတစ်ပုဒ်ပင် ရှိခဲ့ဖူး၏။
" တကယ်တော့ ကျောက်တူးသမားများဟာ လောပန်းလောင်းတွေပါ" ဆိုသော သီချင်းသည် သူဋ္ဌေးဖြစ်လိုသူတို့အတွက် မဲတင်းပေးသောသီချင်း တစ်ပုဒ် ဖြစ်ခဲ့သည်။
ကျောက်စိမ်းရတနာမြေ ဖားကန့်သည် အိပ်မက်တို့ဖြင့် ပြည့်နေသော မြေဖြစ်ခဲ့သည်။ ယခု ထက်တိုင် ပြည့်နေဆဲ။ သူဌေးဖြစ်နိုင်သည်။ တစ်ချိန် တည်းမှာပင် ဘဝပျက်သွားသူများလည်း ဖားကန့်တွင် ဒုနှင့်ဒေး။ ယင်း အနှီ ဖားကန့်တွင် ကောင်းခြင်းနှင့် ဆိုးခြင်း ဒွန်တွဲနေသည့်တိုင် ခြုံကြည့်လျှင်ကား ဖား ကန့်သည် ဥစ္စာပစ္စည်းတို့ဖြင့် ကြွယ်ဝသောမြို့၊ ချမ်း သာသောမြို့ဖြစ်ကြောင်းကား ငြင်းမရပေ။
သို့သော် ယင်းမြို့တွင် ဆင်းရဲသော အချက်တစ်ချက်ရှိကြောင်း တွေ့ရ၏။ အဆိုပါ အချက်မှာကား လမ်းပိုင်းပေတည်း။
ဖားကန့် - ကာမိုင်း လမ်းသည် စင်စစ်အား ဖြင့် မိုင် (၄၀)ခန့်သာ ရှိပြီး ခရီးဝေးသည်ဟု မဆိုသာ။ ယင်းခရီးမှာ ပုံမှန် လမ်းကောင်းနေလျှင် အကြာဆုံး တွက်လျှင် (၂)နာရီ ကျော်ခန့်ဖြင့် ရောက်နိုင်သော ခရီးဖြစ်သည်။ တစ်ဖက်တွင် ကျောက်စိမ်းမြို့တော် ဖားကန့်။ တစ်ဖက်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းခုလတ်မြို့ဖြစ်သော ကာမိုင်း။ ကာမိုင်းမှ အထက်သို့တက်လျှင် အဆင့်ဆင့် ကျေးရွာတို့ကို ဖြတ်ကျော်ပြီးလျှင် တနိုင်း၊ ထိုမှတစ်ဆင့်တက်လျှင် အိန္ဒိယနိုင်ငံ၏ အာရူနာချယ် ပရာဒေ့ရှ် ပြည်နယ်သို့ တိုင် ခရီးရောက်နိုင်ပေလိမ့်မည်။
တနိုင်း၏ အောက်ဘက်ဆီသို့ ဆက်လာ လျှင် မိုးကောင်း၊ နမ္မတီး၊ မြစ်ကြီးနားမြို့ တို့ ရှိကြသည်။ ထိုမျှ ဆက်သွယ်ရေး ကောင်းသင့်သော ခရီး၊ ကောင်းသင့်သော လမ်း၊ အကျိုးပြုသော လမ်းသည် ဒေသခံတို့ အကျိုးအတွက် ဖြစ်မလာနိုင်သေးပေ။
အိန္ဒိယဘက် ထားပါဦးလော့။ ကျောက်စိမ်းမြေ ဖား ကန့် နှင့် ကာမိုင်း ကြားလမ်းသည် အရေးပါသော လမ်းဖြစ်သည့်တိုင် မျှော်တလင့်လင့် ဝေးနေခဲ့ရသော အချိန်တို့ ရှိခဲ့သည်။
"အရင်တုန်းက ဖားကန့်လမ်းက နှစ်နာရီပဲ မောင်းရတယ်။ အခုက ခုနစ်နာရီ၊ ရှစ်နာရီ မောင်းနေ ရတယ်" ဟု ဖားကန့် ဒေသခံ တစ်ဦးက ယခင်က NP News သို့ ရင်ဖွင့် ပြောကြား ခဲ့ဖူးသည်။
(၂၀၂၁) ခုနှစ် နိုင်ငံရေး အခင်းအကျင်း ကာများ အပြီးတွင် ဖားကန့်၌ KIA က ကျောက် စိမ်းတူးဖော်ခြင်းကို အတိုင်းအဆမရှိ ခွင့်ပြုခဲ့သည်။ ထိုသို့ ခွင့်ပြုရာတွင် အဆင့်ဆင့် အခွန်ကောက်သည်။ ကျောက်စိမ်းရလျှင်လည်း အခွန်ကောက်သည်။ ယင်းသို့ဖြင့် KIA တို့ ငွေရသည်။ KIA တပ်ဖွဲ့အ တွက်သာလောဟုဆိုလျှင် မဟုတ်ပါဟု ဆိုရပါမည်။ KIA ခေါင်းဆောင်ပိုင်းတို့၏ သားသမီးများ၊ အစွယ် အပွားများ သည်လည်း ယင်းမှ အကျိုးအမြတ်များစွာ ရသည်။
တူးလိုသော နေရာတွင် တူးခွင့်ပြုသည်။ မြေစာပုံ ပစ်လိုသော နေရာပစ်သည်။ ဥရုချောင်း အတွင်း မြစ်စာပုံပစ်မည်လော ပစ်၍ရသည်။ ကျင်းပြို မည်လော ပြိုစေအရေးယူမှု အားနည်းသည်။ ယင်းမှာ KIA ၏ လက်တွင်းက ဖားကန့်အခြေအနေ ဖြစ်သည်။
ငွေရသော ဖားကန့် မှ KIA တို့ သဲ့ယူနေ သည့်တိုင် တစ်ဖက်တွင် ဖားကန့်မြို့အတွက် ဝင်၊ ထွက်ရာ အသုံးပြုသော ဖားကန့် - ကာမိုင်း လမ်းမှာ မူမှာ ပြင်ခွင့်ပင် မရခဲ့။ ပြင်ရန်ဆောင်ရွက်လျှင် KIA က ချောင်းမြောင်းပစ်ခတ်သည်။ ယင်းလမ်းသည်ပင် လျှင် KIA ၏ လက်နက်တစ်မျိုးဖြစ်ခဲ့သည်ဟု ဆိုရ ပေချိမ့်မည်။
ယခင်က နယ်မြေလုံခြုံရေးအခြေအနေ ကောင်းစဉ် နှစ်စဉ်လမ်းပြုပြင်ခြင်းများရှိခဲ့သည်။ သို့သော် KIA တို့က ဖားကန့်တွင် နယ်မြေစိုးမိုး သောအခါ ယင်းမှာ ပျက်ပြားသွားခဲ့ရသည်။
" အရပ်ဘက်ကပြင်မယ်ဆိုတော့လည်း KIA ဘက်ကအပြင် မခံဘူး။ သူတို့ခွင့်မပြုရင်လည်း ဘယ်သူမှမလုပ်ရဲဘူး။ နှစ်တိုင်းကတော့ ကုမ္ပဏီ တွေက ကျောက်လမ်းတော့ နှစ်တိုင်းလုပ်တယ်။ အဲဒါ မလုပ်နိုင်တာက လေးငါးနှစ်ရှိပြီ" ဟု အထက်ပါ ဖားကန့် ဒေသခံကပင် ထိုစဉ်က ပြောခဲ့သည်။
လေးငါးနှစ် မပြင်သော လမ်းသည် အ ဘယ်တွင် ကောင်းပါအံ့နည်း။ KIA ဘက်က လမ်းပြင်လျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်သည်။ KIA က တောတွင်းကလူ။ အမှောင်အတွင်းက လူ။ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများ၊ ပြည်သူများ သည်ကား အလင်းအတွင်းက လူများ။ အလင်းက လူသည် အမှောင်အတွင်း မြင်ရန် ခဲယဉ်းသည့်တိုင် အမှောင်အတွင်းက ငစဉ်လဲချောင်း ချောင်းနေသူများ သည်ကား အလင်းကို ကောင်းစွာမြင်နိုင်သည်။ ချောင်းမြောင်းနိုင်သည်။
အမှန်တကယ်လည်း ချောင်းမြောင်း ပစ် ခတ်ခြင်းများ ရှိသည်။ ထို့ပြင် ဖားကန့် - ကာမိုင်း လမ်းသည် KIA တို့ အတွက် ငွေရပေါက်ရလမ်းလည်း ဖြစ်နေပြန်သေးသည်။
ပြီးခဲ့သည့် ကာလတချို့တွင် KIA က ဖားကန့် - ကာမိုင်းလမ်းကို ပိတ်သည်ဟုဆိုကာ စာထုတ်ခဲ့သေး၏။ သို့သော် ယင်းသို့ မပိတ်မီကပင် KIA တို့က ၎င်းတို့ လက်ခွဲများကတစ်ဆင့် ဈေးတင် ရောင်းရန်ပစ္စည်းများကို စုထားခဲ့ကြောင်း သိရှိသူ ဒေသခံတစ်ဦးက ဆိုသည်။
" ဒီကောင်တွေက လမ်းပိတ်တော့မယ်ဆို တစ်လလောက်အလိုမှာ ဖားကန့်၊ ဆိုင်း တောင် ထဲကို သူတို့ပစ္စည်းတွေ အကုန်သွင်းထားပြီးပြီ။ မိုးတွင်းတစ် တွင်းစာရောင်းဖို့ ဆန်ဘာညာအကုန်သွင်းပြီးမှ လမ်း ပိတ်တာ။ ပိတ်ပြီးတော့ ဒီထဲကို သူတို့ ပစ္စည်းတွေ ပြန်ရောင်းတာ" ဟု ၎င်းက ဆိုသည်။
ထိုစဉ်ကဆိုလျှင် လမ်းပိတ်သည်ကို ဖြတ် သည်ဟုဆိုကာ ပြည်သူပိုင်ကားများကို သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ ရှိခဲ့သည်။
"လမ်းမှာက တပ်မတော်ရှိတယ်။ ပြည်သူ့ စစ် ရှိတယ်။ ဝါရာဇွပ်ရှိတယ်။ ဒေသခံ ပြည်သူ့စစ်တွေ ရှိတယ်။ တပ်မတော်ရှိတယ် တောက်လျှောက်က။ နှစ်မိုင်လောက်မှာ တစ်စခန်းလောက်ရှိတယ်။ အဲဒီ မှာကြားထဲမှာ သူတို့တားတုန်းသွားတဲ့ ပြည်သူကို ဖြတ်ဖြတ်ပြီး သေနတ်နဲ့ပစ်ခဲ့တာ" ဟု ဒေသခံ တစ်ဦးက ဆိုသည်။
တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်လျှင် ဆုတ်ခွာပြေးသည်။ ဆောင်းပါးတွင် ဖော်ပြ ထားသကဲ့သို့ တပ်မတော်သည် အလင်းက လူ၊ KIA တို့မှာ အမှောင်အတွင်းက လူများပင်လျှင် မဟုတ်ပါလား။
"ဖြတ်တဲ့ကားကို စိတ်ကူးပေါက်ရင် ပေါက်သလိုပစ်တာပေါ့။ အပစ်ခံရတယ်။ မိုင်းခွဲခံရ တယ်။ အဲဒီလို ရှိနေတာ မှန်းမရဘူး။ သူတို့က စစ်ရေး အရ လမ်းပေါ် ဖိအားပေးဖို့ကတော့ လူသိပ်မရှိဘူး။ တပ်ကလည်း ပေါ်တဲ့နေရာသွားရှင်းတော့ လမ်းပေါ် ထွက်လည်းမထွက်ရဲ တားလည်း မတားရဲဘူး။ ပြည် သူကတော့ စားဝတ်နေရေး အဆင်မပြေဖြစ်တာပေါ့" ဟု ၎င်းက ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြော ပြသည်။
ဖားကန့်တွင် ကျောက်စိမ်းထွက်သည် မှန်၏။ ငွေပေါသည်လည်း မှန်၏။ သို့သော် လူတိုင်း မချမ်းသာနိုင်ပေ။ ချမ်းသာသူများသည်ပင် မတန်တဆ ကုန်ဈေးနှုန်းကို ပေးဝယ်ပြီး နေ့စဉ် စားနိုင်ပါမည်လော။ ထို့ပြင် ကျန်းမာရေး အတွက် ယင်းလမ်းကို အသုံးပြုနေရသည် မဟုတ်တုံလော။
"ဖားကန့်က လူဦးရေ (၄)သိန်းလောက် ရှိတယ်။ ဒီလမ်းတစ်လမ်းတည်းကို အကုန်မှီခိုပြီးတော့ ရပ်တည်နေရတာ။ ကျန်းမာရေး၊ ပညာရေး ၊ လမ်းပန်း ဆက်သွယ်ရေး ၊ စားဝတ်နေရေး ဆေးဝါးပစ္စည်း ကအစ ဒီလမ်းကို မှီခိုနေရတာ။ ဒီလမ်းကိုပိတ်လိုက် တော့ အဲဒါ ပြဿနာတက်ခဲ့တာ" ဟု ၎င်းက ဆိုသည်။
လမ်းကို KIA တို့က ပြန်ဖွင့်ပေးသည် မှန်၏။ သို့သော် လမ်းကို ပြင်ခွင့်မပေးသည် ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာ အဘယ်တွင် ကောင်းပါအံ့နည်း။
"ဒီနှစ်က အဆိုးဆုံးပဲ။ ကားကြီးတွေ တောင် သွားလို့မရတဲ့အဆင့်အထိ ဖြစ်ကုန်တာ။ အရင်ကဆိုးတယ်ဆိုတာ ဘယ်လောက်ဆိုးဆိုး ထိန်း မောင်းပြီး သွားကြတာ။ အခုက တက်သမျှ ကားတိုင်း က ခဏခဏမှောက်ကုန်တာ။ ချိုင့်တွေကလည်း အကြီးအကြီးတွေ ဖြစ်ကုန်တာ။ တောက်လျှောက်ကြီး တစ်လမ်းလုံး ဖြစ်ကုန်တာ။ ကားတွေဆိုလည်း တုံးလုံးပက်လက် နည်းတာမဟုတ်ဘူး" ဟု အခြား ဒေသခံတစ်ဦးက ဆိုသည်။
ဖားကန့် - ကာမိုင်းလမ်းသည် အဆင်မပြေ သောလမ်းဖြစ်လာသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာသောအခါ ဖားကန့်ဒေသတွင် နေထိုင်သူတို့ အတွက် အဖြေရှာရန် လိုအပ်လာသည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် ကြိုးပမ်း ခဲ့ကြသည်။
သို့သော် အောက်တိုဘာလ (၇) ရက်က ဖားကန့်-ကာမိုင်းလမ်းပိုင်းအတွင်းက လမ်းပိုင်းတစ်ခု ဖြစ်သည့် နန့်ယား-ကာမိုင်းလမ်းပြုပြင်ရန် ဖားကန့် မြို့ရှိ စုပေါင်းရုံးတွင် အစည်းအဝေးပြုလုပ်စဉ် KIA က FPV ဒရုန်းဖြင့်တိုက်ခိုက်သည့်အတွက် KNDPCကျောက်မျက်ကုမ္ပဏီမှ ကိုယ်စားလှယ်ချုပ် ဦးဇော်အောင်နှင့် အရပ်သားပြည်သူတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိခဲ့သည်။
လမ်းကလည်း ဆိုးခဲ့ပြီ။ လမ်းပြင်ရန် အစည်းအဝေးလုပ်သည်ကိုလည်း KIA က နှောင့် ယှက်ဟန့်တားသည်။ လမ်းမပြင်၍လည်း မဖြစ်။ ထိုအခါ တပ်မတော် နှင့် ပြည်သူ့စစ်တို့ လက်အတွင်း ဖားကန် - ကာမိုင်းလမ်းအတွင်းက ဆိုးဆိုရွားရွား ပျက်စီးနေသော နေရာများကို တပ်မတော်နှင့် ဖားကန့် ပြည်သူ့စစ်တို့ ဦးဆောင်ကာ ပြင်ဆင်ခဲ့ ကြရသည်။
အစိုးရက ပြင်မည်ဆိုလည်း မဟုတ်။ အရပ်ဘက်က ပြင်မည်ဆိုလျှင်လည်း လက်မခံ။ ထိုသို့သော အခြေအနေတွင် မည်သည့်နေရာက ချောင်းပစ်မည်၊ မည်သည့်နေရာက FPV ဒရုန်း ပျံလာမည် မသိသော အခြေအနေမျိုး၌ လမ်းပြု ပြင်ခြင်းကို ဆောင်ရွက်ခဲ့ကြရခြင်း ဖြစ်သည်။
သို့သော် KIA က ယင်းလမ်း ပြုပြင်ရန် အစည်းအဝေးလုပ်သည့်အတွက် အပြစ်မဲ့ ပြည်သူ တို့ကိုလည်း သတ်ခဲ့ပြီ။ လမ်းလည်း ပိတ်ခဲ့ဖူးပြီ။ လမ်းပိတ်သည်ကို ဖြတ်သည်ဟုဆိုကာ ပြည်သူလူ ထုကိုလည်း ပစ်သတ်ခဲ့ဖူးပြီ။ ဖြေဆေး ပေးနေဟန်တူ၏။
ယခုအခါ ယင်းလမ်းပြုပြင်ခြင်းအတွက် ပစ်ခတ်ခြင်းမပြုပါဟူသော ကတိဖြင့် ကျောက်တူး ဖော်သည့် ကုမ္ပဏီများကို လမ်းပြုပြင်ခွင့် ပေးထား သည်ဟု ဆိုသည်။ သို့သော် ကတ္တရာလမ်းအထိတော့ မဟုတ်ပေ။ ကျောက်ချောလမ်း သို့မဟုတ် သွား၍ ဖြစ်သောလမ်း ရပေလိမ့်မည်။ သို့သော် ယင်းလမ်း သည် မည်မျှ ကြာကြာခံမည်နည်း။
" အစိုးရက လမ်းဖောက်တယ်။ တံတား ဆောက်တယ်။ KIA က ဘာလုပ်ပေးသလဲ။ သူတို့ အစိုးရ ဖြစ်ချင်ရင် သူတို့ ကော အစိုးရနဲ့ တူပြီလား သူတို့ဘာသာ သူတို့ ပြန်စဉ်းစားသင့်တယ်" ဟု ဖားကန့်မြို့ခံတစ်ဦးက ဆိုသည်။
ဖားကန့် - ကာမိုင်း လမ်းသည် ယာယီ ဆေးမြီးတိုနှင့်ကားတွေ့လေပြီ။ လုံးဝပျောက် ကင်းမည့် ဆေးဝါးမှာမူ ပြည်သူများအလိုချင်ဆုံး အရာ ဖြစ်ပေလိမ့်မည်။