
သုတကျော် (NP News) - နိုဝင်ဘာလ ၁၁
ချင်းပြည်နယ်သည် စစ်ဘေးဒဏ်ကို ခံစားခဲ့ရသော ပြည်နယ်တစ်ခု ဖြစ်သည်။ လက်ရှိတွင် ချင်းပြည်နယ်တွင် တပ်မတော်က အောင်ပွဲတို့ဆွတ်ခူးနေပေပြီ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း နောက်မှလိုက်လာနေပြီဖြစ်သည်။ ယင်းသို့သောအခြေအနေတွင် လက်နက်ကိုင်သူပုန်တို့အပေါ် ဒေသခံများ မည်သို့သဘောထားရှိပါသနည်း။ မည်သို့ မြင်ကြပါသနည်းဆိုသောအချက်များနှင့်ပတ်သက် ၍ ချင်းတိုင်းရင်းသားတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ချင်းပြည်နယ်ဟာ အရင်ကတော့ သူပုန်တွေ များခဲ့တာပေါ့။ လက်ရှိ သိသာမြင်သာတဲ့ တိုးတက်မှု တွေက ဘာများ ဖြစ်မလဲ။
ဖြေ - မြောက်ပိုင်းကတော့ တိုးလာတဲ့ သဘောပေါ့။ တီးတိန်၊ တွန်းဇံ၊ ဟားခါးပေါ့နော်။ ဟားခါးကတော့ နဂိုတည်းက ပြည်နယ်အစိုးရရုံးစိုက်တဲ့ နေရာဆိုတော့ ထားပါတော့။ ဖလမ်းကတော့ လုံးဝ (၁၀ဝ) ရာခိုင်နှုန်း ဖြစ်သွားပြီပေါ့နော်။ တီးတိန်၊ တွန်းဇံမှာလည်း နိုင်ငံတော်အဆင့် ပြည်ထောင်စုဝန်ကြီးတွေ တောက် လျှောက်သွားနေတာပဲလေ။ ဖလမ်းမှာဆိုရင်လည်း ဒေသခံကုမ္ပဏီတွေ အခုလို အခြေအနေမျိုးမှာ တောင် လုပ်ငန်းတွေပေးပြီး အားနဲ့ပေါ့ဗျာ။ လူ ကယ်ပြန်က ဒုဝန်ကြီးတို့၊ ဆောက်လုပ်ရေးက ဒုဝန်ကြီးတို့ တောက်လျှောက် အဲ့ဒီမှာ သူတို့ Base လုပ်ပြီးတော့ အားတက်သရော လုပ်နေတာကို တွေ့ ရတာပေါ့နော်။ ဒါကတော့ တိုးတက်တဲ့သဘော ပေါ့နော်။
မေး - ဆိုတော့ မင်းတပ်က စစ်ရေးအရ အရေးပါ တယ်လို့ ပြောကြတယ်။ မင်းတပ်ကိုရသွားရင် ဘယ်လောက်အထိ အားသာသွားမလဲ။
ဖြေ - အဲဒါပြောတာ။ ကျွန်တော်တို့ တောင်ပိုင်းရဲ့ ဆိုပါစို့ ဂန့်ဂေါပေါ့နော်။ ဒီချင်းပြည်နယ် ဟားခါး အပါအဝင် မြောက်ပိုင်းကို ထိန်းချုပ်နိုင်ချိန်မှာလည်း ဂန့်ဂေါကနေပဲလေ။ ဂန့်ဂေါက အဓိကဝင်ပေါက်ပဲ လေ။ ဂန့်ဂေါ ပြီးလို့ရှိရင် တောက်လျှောက်တက်လို့ ရတယ်လေ။ ပြီးတော့ မင်းတပ်ဘက်ကကျ ယောတို့၊ ဆောတို့ကကျ မြေပြန့်လေ။ မြေပြန့်ကနေပြီး ကျောက်ထု လေယာဉ်ကွင်းဆိုတာ ရှိတယ်။ ကျောက် ထုလေယာဉ်ကွင်းပြီးတာနဲ့ မင်းတပ်ရောက်ပြီ။ ပြောချင်တဲ့ သဘောက ထင်းချောင်းဆိုတာက မင်း တပ်ပဲပေါ့နော်။ အဲဒီဟာက အောက်ကမြေပြင် အပေါ်က တောင်ကုန်း၊ အကွေ့အကောက်အရမ်းများ တယ်လေ။ မြွေလိမ်မြွေကောက်ဖြစ်နေတာပေါ့။ ဆိုတော့ အဲဒီအကွေ့အကောက်အပေါ်ရောက်ရင် မင်းတပ် ရောက်ပြီ။ အဲဒီမှာ ဒါက ပထဝီ အနေအထား အရ အပေါ်ကနေ စီးကြည့်လို့ရတယ်။ စိတ်ကြိုက်ပတ် လို့မရဘူး လမ်းကလည်း ကျဉ်းတယ်လေ။ ဆိုတော့ မင်းတပ်ရလို့ရှိရင်တော့ ဟိုးဘက်က မတူပီတို့ ဘာတို့ကတော့ အေးအေးဆေးဆေး သွားလို့ရပြီလေ။
မေး - ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တာ ဘယ် လောက် ကြာပြီလဲ။
ဖြေ - စစ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတော့ (၅) နှစ်ကျော်ပြီပေါ့။ (၂၀၂၁) ကတည်းက ဖြစ်ခဲ့တာ ဆိုတော့လေ။
မေး - ဆိုတော့ ဒီကာလတွေအတွင်းမှာ ကောင်း ကွက်တွေက ဘာတွေ ဖြစ်ခဲ့လဲ၊ ဆိုးကွက်တွေက ဘာတွေရှိလဲ။
ဖြေ - ဆိုးကွက်တွေကတော့ ချင်းတောင်မှာ လူတွေ နည်းလာတာပေါ့ဗျာ။ ဘာလို့ လဲဆိုတော့ နံပါတ် (၁) တစ်ချက်ပေါ့နော် အရင်ကဆိုရင် ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ ဆိုးကွက်လို့ပဲပြောရမလား ဘယ်လို ပြောရမလဲတော့ မသိဘူး။ အရင်ကဆိုရင် ချင်းတွေ တော်တော်များများက ကိုယ့် နယ်မြေကိုစွန့်မသွား ကြဘူး။ စွန့်ပြီးတော့ အပြင်သွားတယ် ဆိုတာမရှိဘူး ချင်းလူမျိုးတွေရဲ့ ထုံးစံက။ နောက်ဆုံး မလေးရှားတို့၊ အမေရိကတို့မှာ သွားပြီး သေရင်တောင် တချို့ အလောင်းကို မရ ရအောင် လေယာဉ်နဲ့ ပြန် သယ်ပြီးတော့ ရွာမှာ မြှုပ်ကြတာ။ ဒါချင်းထုံးစံလည်း ဖြစ်တာပေါ့နော်။ ကိုယ့်ရဲ့ ဒီမွေးရပ်မြေမှာပဲ ကိုယ်က ပြန် ခေါင်းချစေချင်တယ် ဆိုတဲ့စိတ်ရှိတယ်လေ။ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာ တော်တော်များများက လုံးဝရွာတွေမှာ မနေဘူး။ အဘိုးကြီး အဘွားကြီး တွေကအစ မီဇိုရမ်ကို ပြေးတယ်။ ရန်ကုန်မှာလည်း သွားကြည့်လိုက် လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးတို့မှာ ဆိုရင် ချင်းတွေ ရိုက်သတ်လို့တောင် မကုန်ဘူး။ စစ်ဘေးရှောင်တာလေ။ ပြောချင်တဲ့သဘောက အဲဒီလို ကိုယ့်ရဲ့ မြို့ ရွာကို စွန့်လာရတဲ့ အခါကျတော့ နံပါတ် (၁) အချက် အိမ်တွေ ထားခဲ့ရတယ် ချင်း တောင်မှာ။ ချင်းတောင်မှာ အိမ်တစ်လုံးဆောက်ဖို့ မလွယ်ဘူးလေ။ ချင်းတောင်မှာ အိမ်တစ်လုံး ဆောက် တာက မြေပြန့်မှာ အိမ်တစ်လုံးဆောက်တာထက် သုံးဆလောက်ကွာတယ်။ ကျွန်တော်တို့က ဘိလပ်မြေ ကို အိတ်လိုက်သယ်ရတာမဟုတ်ဘူးလေ။ ဘိလပ်မြေ ကို ကားလမ်းရှိတဲ့ နေရာမှာထားပြီး အဲဒီကနေမှ ထမ်းပြီး သယ်ရတာ။ ကုန်ကျစရိတ်တွေ အရမ်းများ တယ်။ အဲဒီလိုအိမ်တွေကို ပစ်ထားခဲ့ရတယ်။ တောင် ယာတွေ ပစ်ထားခဲ့ရတယ်။ ကျွန်တော်တို့ ဒီတောင် ပိုင်းဆို ဝဥနဲ့ပဲ အသက်ရှင်ရတာလေ။ အိမ်တိုင်းမှာ ဝဥခြံရှိတယ်။ ဝဥခြံတွေကို ပစ်ထားခဲ့ရတာ။ ကျွန်တော်ကိုယ်တိုင်လည်း ပစ်ထားခဲ့ရတာ။ ကျွန် တော့ ပိုက်ဆံတွေ မြေကြီးထဲမှာ ရောက်နေတာ။ ကျွန် တော်လို ဘာမှ မဟုတ်တဲ့ကောင်တောင် သိန်း (၁၀ဝဝ) ဝန်းကျင်လောက်က မြုပ်နေပြီလေ။ တချို့ ဆို ဝဥကို ဧကနဲ့ချီပြီးတော့ လုပ်ကြတယ်။ အဲဒီလို စီးပွားရေးတွေ ပျက်သုဉ်းသွားတယ်။ နောက်တစ်ခု ဆိုးတာကကျ မြေမြှုပ်မိုင်းပေါ့။ အခု ကြည့်လိုက် ဟိုကလေးငယ်လေးတွေ ခြေထောက်ဆိုရင်။ ဒါ ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပြောတာ မဟုတ်ဘူး၊ ဒါမြေမြှုပ်မိုင်းအန္တရာယ်ကို ပြောပြတာလေ။ စစ်ပွဲဖြစ် ပြီဆိုရင်တော့ သူသူ ကိုယ်ကိုယ် ပန်းနဲ့ ပေါက်တာ မဟုတ်ဘူးလေ။ အနိုင်လိုချင်ကြမှာပဲလေ။ ဘယ်လို နည်းသုံးသုံး နိုင်ချင်ကြမှာပဲလေ။ ကျွန်တော် ပြောချင် တဲ့သဘောက မြေမြှုပ်မိုင်းကို ဘယ်သူ ထောင်မှန်း လည်း မသိဘူး။ နောက်ဆုံး ကျွန်တော်တို့ ငယ် ဘဝက ကြားဖူးတာပေါ့။ ဒီမြေမြှုပ်မိုင်းတွေကို ထောင် ရင် မြေပုံနဲ့လိုက်ထောင်တယ်လို့ ပြောတယ်။ ဒါ သူတို့ ပြောတာပေါ့နော်။ ဘယ်နေရာ၊ ဘယ်နေရာမှာ အခြေ အနေကောင်းရင် ဒီမြေမြှုပ်မိုင်းတွေကို ပြန်ဖော်တယ် လေ။ သဘောတရားပေါ့နော်။ ဒါပေမဲ့ အခုက ထောင်တဲ့သူတွေ ရှိသေးလား၊ သေသလား တောင် မသိတော့ဘူးဆိုတော့ ဒီဟာတွေကို မနည်းရှင်းရဦး မှာ။ အဲဒီတော့ ကလေးတွေ ခြေထောက်ဖြတ်ရ တယ်။ အငယ်လေးတွေနော် သုံးလေးနှစ်သမီးတွေ ဖြစ်တယ်။ ဆေးတောင်ကုရတယ်ဆိုတော့ ဒါတွေက မကောင်းတဲ့ Effects တွေပဲလေ။ ကောင်းတဲ့ Effects အနေနဲ့ကတော့ ဒေသခံပြည်သူတစ်ယောက် အနေနဲ့ ပြောရရင် ဘာမှကို မမြင်သေး ဘူး ထင်တာပဲ။ အမှန်တိုင်း ပြောရရင်လေ။
မေး - ဆိုတော့ စစ်ဟာ ချင်းပြည်နယ်ကို ဝါးမျိုလိုက် တယ်ပေါ့နော်။ ချင်းပြည်နယ်ရဲ့ ပြန်လည်ထူထောင် ရေးအပေါ် ဘယ်လိုမြင်မိသလဲ။ စစ်မီးလောင်ပြီး ပြန်ရုန်းထမယ့် ချင်းပြည်နယ်မှာ အခက်အခဲတွေများ မလား။
ဖြေ - မလွယ်ဘူးဗျ။ ကျွန်တော်တို့လည်း တစ်ခါတစ် လေကျရင် မလုပ်ပေးနိုင်ဘဲနဲ့ ပူပန်ရတာက ပို ပိုသောကများတယ်။ လုပ်ပေးနိုင်တဲ့အရာကို ပူပန်ရ တာက အကြောင်းမဟုတ်ဘူး။ မလုပ်ပေးနိုင်ဘဲ ပူပန်ရတာက ဘာဖြစ်လို့လဲဆိုတော့ ဟိုးလွန်ခဲ့တဲ့ (၂၀၁၅- ၂၀၂၀) ဘတ်ဂျက်ကို ကြည့်လိုက်။ ချင်းပြည်နယ်က ဖွံ့ဖြိုးရေးမှာ အားအနည်းဆုံးပဲလေ သိတယ်မလား။ ချင်းပြည်နယ်က ဖွံ့ဖြိုးရေးမှာ အား အနည်းဆုံး ဖြစ်တဲ့အချိန်မှာ (၂၀၁၅-၂၀၂၀) မှာ ချင်းပြည်နယ်ကို တော်တော်များများ ဘတ်ဂျက်ချပေး တယ်ဗျာ။ ဒါပွင့်လင်းပြောရရင်တော့ အဲဒီအချိန် တုန်းက ဒုသမ္မတက ချင်းတိုင်းရင်းသား ဖြစ်တဲ့အခါ ကျတော့ ဒီဘတ်ဂျက်တွေကို အများကြီးပေးတယ်။ ဖွံ့ဖြိုးအောင် လုပ်ပေးတယ်ပေါ့နော်။ ဟို ဖလမ်းမှာ ဆိုရင် လေယာဉ်ကွင်းရှိတယ်။ ဆူးရ်ဘုန်းလေယာဉ် ကွင်း ပြီးသွားပြီ။ ပြီးတော့ ပလက်ဝမှာ ဆိုလို့ရှိရင် တကယ့်ကို ကုလားတန်မြစ်ကူးတံတားကြီး လုံးဝပြီးသွားပြီ။ ဖွင့်ဖို့ပဲ ကျန်တော့တယ်။ အဲဒါမျိုးတွေ ပေါ့နော်။ ပြီးတော့ ရေလှောင်ကန်ကြီးတွေ လုံးဝကို အရှိန်နဲ့သွားနေတာ။ ဆိုတော့ ဒီလိုအရှိန်နဲ့သွားတဲ့ အချိန်မှာ အခုကျတော့ ဘယ်လို ဖြစ်သွားလဲဆိုတော့ အရိုက်ခံလိုက်သလို တန့်သွားတယ်လေ။ အဲဒီလို ဖြစ်သွားတယ်။ ဒါတောင် အစိုးရကကူတာလေ။ ရှိပြီး သားဟာကို အစိုးရကကူနေတဲ့အချိန်မှာတောင် ကျွန်တော်တို့က အရမ်းမရွေ့နိုင်ဘူးလေ။ ပြောချင် တာက အခုချိန်မှာကျတော့ လုံးဝ ဇီးရိုးကနေ ပြန်စရ မှာလေ။ ဇီးရိုးက ဇီးရိုးပဲလေ။ ဆိုတော့ အဲဒီတော့ ပြောစရာရှိတာပေါ့နော်။ မင်းတို့ ချင်းတွေက နိုင်ငံ ခြားမှာ အများကြီး ရှိတာပဲ။ အဲဒီတော့ နိုင်ငံတကာက ထောက်ပံ့မှာပေါ့။ ဥပမာ ဆွေမျိုးတွေက ထောက်ပံ့မှာ ပေါ့။ အဲဒါမျိုးတွေ ပြောကောင်း ပြောနိုင်တာပေါ့။ ဒါပေမဲ့ စဉ်းစားကြည့်လေ ဒီငါးနှစ် အတွင်းမှာဗျာ တိုက်ပွဲဖြစ်သွားတယ်၊ စစ်ဖြစ်တယ်ဆိုတော့ ဒီငါးနှစ် အတွင်းမှာ ရှိတဲ့လူတွေက ကိုယ့်မိသားစုတွေကို စားဖို့ သောက်ဖို့အတွက် ထောက်ပံ့ဖို့အတွက် အလုပ် လုပ်လို့မှ မရတာ။ ပြေးလွှားနေရတာကို။ ပြောချင်တဲ့ သဘောက ဟို အိန္ဒိယမှာပဲနေနေ၊ ရန်ကုန်မှာပဲ နေနေ၊ နေပြည်တော်မှာနေနေ သူတို့အတွက် ဟိုမှာရှိတဲ့လူတွေက ထောက်ပံ့ကျွေးမွေးရတယ်။ တချို့ ဒီတော်လှန်ရေး အရမ်း Strong ဖြစ်တဲ့ကောင် တွေကျတော့ ဒီထောက်ပို့ထဲမှာ သူတို့ ပိုက်ဆံတွေ ထည့်ဝင်ကြတဲ့သူတွေ ရှိကြတယ်။ ပြောချင်တဲ့ သဘောက CDF တို့ ဘာတို့ထဲမှာ ထောက်ပို့တာမျိုး ရှိကောင်းရှိမယ်။ ဆိုတော့ ဒီဟာကြီးပြီးတဲ့အချိန်မှာ ဒီကောင်တွေကကော ပြန်နာလန်ထူနိုင်ဦးမလား။ သူတို့ကော ဒီအဆောက်အအုံ၊ အိမ်ဆောက်ဖို့ အတွက် အထောက်အပံ့ပေးနိုင်ပါဦးမလား။ ဘာ ကြောင့်ဆိုတော့ ဒီနိုင်ငံခြားမှာ အလုပ်လုပနေတဲ့ သူတွေကလည်း သူတို့ဘာသာသူတို့ အြွေကးတွေနဲ့ တိုင်ပတ်နေတာလေဗျာ။ ဘဏ်ချေးငွေတွေနဲ့ အိမ် တွေဝယ်၊ ကားတွေဝယ်ကြတဲ့အခါကျတော့ နောင် (၁၀)နှစ်တောင် လက်ရှိအနေအထားရောက်နိုင် မလား စိုးရိမ်တာပေါ့။
မေး - ဆိုတော့ ပြန်လည်ထူထောင်ရေးအတွက်မှာ မိသားစုတွေဟာ တိုက်ပွဲတွေကြောင့် အတော်လေး အထိနာသွားခဲ့တာပေါ့။
ဖြေ - ချင်းပြည်နယ်မှာ ပထမဆုံး တိုက်ပွဲစတာက ဧပြီ (၂၄) ငါးနှစ်ကျော်သွားပြီထား။ ငါးနှစ်ကျော်သွား တဲ့ အချိန်မှာ တောင်ပိုင်းမှာက လုံးဝကိုလေ နာလန် မထူနိုင်ဘူးဗျာ။ ဒီဘက်တစ်ကြောလုံးကတော့ မထူနိုင် ဘူး။ တကယ်တမ်းတော့ ငြိမ်းချမ်းရေးဆွေးနွေးကြ မယ်ဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ။ ဘယ်လို ပြောမလဲ ချင်းပြည်သူတွေကတော့ ပထမဦးဆုံး ခြောက်လ၊ တစ်နှစ်မှာတော့ အားပေးကောင်း ပေးနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ ငါးနှစ်ကြာသွားတဲ့ အခါကျတော့ သူတို့လည်းမြင်လာပြီလေဗျာ။ ကိုယ့် ရပ်ကိုယ့်ရွာကို စွန့်ခွာပြီးတော့ တစ်နယ်တစ်ကျေးမှာ သူများမျက်နှာကြည့်နေရတယ်ဗျာ။ ဒါမျိုးက ငြီးငွေ့ လာပြီလေဗျာ။ စားဖို့ သောက်ဖို့ကအစ ဒါမျိုးဆိုတော့ သက်ကြီးဘိုးဘွားတွေဆိုရင်လည်း တချို့ဆို ပြန်ချင် ကြပြီလေ အဲဒီလိုရှိတာပေါ့။ ဒါပေမဲ့ လက်နက်ကိုင် ရတဲ့ အရသာကို သိသွားကြပြီလေ မစွန့်လွှတ်ချင်ကြ ဘူးပေါ့။
မေး - လက်နက်စွန့်ဖို့အတွက်က သတ္တိရှိဖို့ လို တယ်ပေါ့နော်။ ဆိုတော့ ချင်းလက်နက်ကိုင်အဖွဲ့ တွေကြားမှာ လက်နက်နဲ့ ကိုယ်ကျိုးစီးပွားနွှယ်နေတဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ ဘယ်လိုမြင်ပါ သလဲ။ သုံးသပ်ပေးပါလား။
ဖြေ - ဘယ်လို မြင်လဲဆိုတော့ အဲဒါ ပြောချင်တာလေ။ ကျွန်တော်တို့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးကလေ တစ်ခါတလေကျရင် အမျိုးသားရေးထက် မျိုးနွယ်စုကို အခြေခံတယ်ဗျ။ ပြောရတာလည်းမကောင်းဘူး။ မျိုးနွယ်စုကို အခြေခံတာဆိုတော့ ပထမတော့ လူတွေက အားပေးကြတာပေါ့။ ရန်ကုန်မှာတောင် တကယ့် ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော် တွေ ပါဝင်ပြီးတော့ နောက်ပိုင်းကျတော့ အစိုးရနဲ့ တောင် ပြန်ပေါင်းပြီးတော့ လုပ်နေကြပြီလေ ပြောချင် တာက။ ဒါက ကျွန်တော်သူတို့ကို အပြစ်မပြောဘူး နော်။ သူတို့ မကျေနပ်တဲ့ ဆန္ဒကို အချိန်အတိုင်အတာ တစ်ခုအထိ ထုတ်တယ်။ လက်ရှိမှာ သူတို့လုပ်နေ တယ် အဲဒီလိုမျိုးဖြစ်စေချင်တာ။ သူတို့ မကျေနပ်ဘူး ထွက်ပြတယ်။ အစုံပေါ့ဗျာနော် ဆိုင်းဘုတ်တွေကိုင် တယ်။ အခု မြင်နေရတာပဲလေနော် ပွဲတွေ ပွဲတွေမှာ လူထုနဲ့ ပြန်ထိတွေ့လာတယ် အဲဒီလိုမျိုးဟာကို သဘောကျတယ်။ သူတို့ မကျေနပ်တာကို ထုတ်ဖော် ပြီးသွားပြီ။ ဒီအချိန်မှာတော့ သူတို့ဟာ သူတို့ လုပ်နေ ကြပြီ ချင်းမှာလည်း အဲဒီလို ဖြစ်စေချင်တာ။ ဒါပေမဲ့ ချင်းမှာက အဲဒီလို မဖြစ်ဘဲနဲ့ ဘယ်လိုဖြစ်လဲဆိုတော့ မျိုးနွယ်စု အရေးကို အရမ်း Highlight သွားလိုက် တာ။ ဒါကြောင့် ကျွန်တော်တို့ ချင်းမှာ CDF လက်နက်ကိုင် အဖွဲ့ကို (၂၃) ဖွဲ့ ရှိတယ်လေ။ ဘာ ဖြစ်လို့ (၂၃) ဖွဲ့ ရှိလဲဆိုတော့ ငါတို့မျိုးနွယ်စုက ကျန်ခဲ့လို့မရဘူးဆိုပြီး ဖြစ်နေတော့ ဘယ်လိုမှ မငြိမ်း ချမ်းနိုင်ဘူးဗျ။
မေး - မျိုးနွယ်စု အရေးကိစ္စကို ဖြေရှင်းဖို့နည်းလမ်း က ဘာများဖြစ်မလဲ။
ဖြေ - ချင်းမှာ (၅၄) မျိုးလောက် ရှိနေတာလေ။ ဒီကာလကြီးမှာ အားလုံးက ခွဲတမ်းလို ဖြစ်နေကြတာ။ ဒီဟာမှာ ဗျာ ဖွဲ့စည်းပုံ ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုကို မျိုးနွယ်စု လေးငါးဆယ်ယောက်လောက်နဲ့ သေနတ် လေး ဆယ်လက်လောက်နဲ့ တိုက်လို့မှ မရတာ ကျွန်တော် ပြောချင်တာ။ ပြဿနာက နောက်ကွယ်က ထောက်ပံ့တဲ့ကောင်တွေက ပြဿနာဖြစ်နေတာ။ ပြည်တွင်းမှာရှိနေတဲ့ချင်းတွေအားလုံး စည်းလုံး ချင်လို့ရတယ်။ ချင်းပြည်မှာ အင်တာနက်တော့ ဖြတ်တောက်ပစ်မှရမယ်သိလား။ ပယောဂမပါနဲ့ အမှန်အတိုင်းပြောတာ။ ဘာကြောင့်လဲဆိုတော့ အပြင်ကလူတွေက ဗျာဆိုပါစို့ တစ်လကို ဒေါ်လာ (၁၀ဝ)လောက် အိမ်ကအမျိုးတွေကိုထောက်ပံ့ပြီး တော့ သူတို့ ဩဇာကိုလွှမ်းမိုးတာလုပ်ကြတာ။ ရိုင်းရိုင်းပြောရင်လေ။ ဒါကြောင့် ဒီဟာက ကြာတာ။ ဒါ အမှန်အတိုင်းပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ မြေပြင်ကလူတွေကပေါ့နော် ချင်းပါတီတွေ ထည့်ကြတယ်။ အဲဒီလို ထည့်ကြတယ်။ သူတို့က မင်းတို့ NLD ပဲထည့်။ ဒါကလည်း အရင်က အတိုင်းအတာနဲ့ သူတို့ကို လွှမ်းမိုးထားတာကိုး။ အဲဒါ မထည့်ရင် မင်းတို့ကို ပိုက်ဆံမပို့တော့ဘူး အဲဒီလို လာတာ။ ပြောချင်တဲ့သဘောတရားကလေ။ ဒီဟာ မှာလည်း မင်းတို့ ချကြ ငါတို့က မင်းတို့နောက်မှာ ရှိတယ် ဆိုပြီး သူတို့က ဒေါ်လာ(၁၀ဝ)လောက် ပေးပြီး ဒီမှာက ချနေကြတာ။ သူတို့ တိုက်ရတာမှ မဟုတ်တာဗျာ မြေပြင်က ကောင်တွေ တိုက်ရတာပဲ လေ။ မင်းတို့တိုက်၊ မင်းတို့နောက်မှာ ငါတို့ရှိတယ် လေ ကြီးလေကျယ်ပြော၊ ငါတို့မျိုးနွယ်စုက ဘယ်လို ဦးဆောင်တာ အဲဒီလိုလုပ်တဲ့အခါကျတော့ မြေပြင် ကကောင်တွေက တိုင်ပတ်တာလေ။ ပြဿနာက အဲဒါပဲ။ ဒီအချိန်မှာ ငါတို့မျိုးနွယ်စုကျန်ခဲ့လို့မရဘူး၊ ငါတို့ မျိုးနွယ်စုကို ရေကြည့်တော့ တစ်ရွာနှစ်ရွာပဲ ရှိတာဗျာ ဒါမျိုးတွေဖြစ်တာ။ အဲဒါကြောင့် မငြိမ်းချမ်းတာ။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။