Eleven Media Group

ပိုချက်တီနိုနှင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် မန်ယူအသင်း ဆွေးနွေးသွားမည်

Photo: X

မန်ယူအသင်းသည် ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် လက်ရှိနည်းပြ ကာရစ်ကို ရာထူးမှ ထုတ်ပယ်ခြင်းမပြုရသေးသော်လည်း ပိုချက်တီနိုကို ကြိုတင်သဘောတူညီမှုရယူခဲ့ခြင်းဖြစ်ပြီး ပိုချက်တီနိုကလည်း လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်း၏အမှုဆောင်ချုပ် အိုမာဘာရာဒါနှင့် အားကစားဒါရိုက်တာ ဂျေဆင်ဝီလ်ကော့စ်တို့သည် နည်းပြ ကာရစ်၏ အနာဂတ်နှင့်ပတ်သက်၍ ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နှင့် မနေ့က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ယနေ့ ကာရစ်နှင့် တွေ့ဆုံကာ ရာထူးမှ ထုတ်ပယ်ကြောင်း အသိပေးဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟောင်း ပိုချက်တီနို(၅၄ နှစ်)သည် အမေရိကန်လက်ရွေးစင်အသင်းနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း မန်ယူအသင်းအနေဖြင့် လျော်ကြေး ဒေါ်လာ(၁၀)သန်းဖြင့် ခေါ်ယူနိုင်မည်ဖြစ်ပြီး ၎င်း၏နည်းပြအဖွဲ့အတွက်မူ ဒေါ်လာ(၂)သန်းဝန်းကျင် ထပ်မံပေးချေရမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်း၏ နည်းပြသစ် ဖြစ်လာရန် အစောပိုင်းက ကွန်တီ၊ အက်ဒီဟောင်း၊ နာဂယ်စ်မန်းတို့ ရေပန်းစားခဲ့သော်လည်း ယခုအခါ ပိုချက်တီနိုနှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ရန် ၂၀၁၆ ခုနှစ်ကတည်းက ချိန်ရွယ်ခဲ့ဖူးပြီး ဂန္ထဝင်နည်းပြ ဖာဂူဆန် နှစ်သက်သဘောကျသည့် နည်းပြတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ပိုချက်တီနိုသည် ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း မန်ယူအသင်း၏ (၈)ဦးမြောက် တရားဝင်နည်းပြအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group