Eleven Media Group

မန်ယူအသင်းအနေဖြင့် ကာရစ်အပေါ် လေးစားမှုမရှိစွာ ပြုမူနေခြင်းဖြစ်ကြောင်း ပီတာရှမိုက်ကယ် ဝေဖန်ပြစ်တင်

Photo: X

မန်ယူအသင်း၏ နာမည်ကျော်ဂိုးသမားဟောင်းဖြစ်သည့် ပီတာရှမိုက်ကယ်က မန်ယူအသင်းအနေဖြင့် လက်ရှိနည်းပြ ကာရစ်အပေါ် အလွန်တရာလေးစားမှုမရှိစွာ ပြုမူနေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေသည့်အတွက် နည်းပြအပြောင်းအလဲပြုလုပ်ရန် စီစဉ်နေရာ ကာရစ်ကို ထုတ်ပယ်ရခြင်းမရှိသေးမီ ပိုချက်တီနိုကို သဘောတူညီမှုရယူခဲ့ခြင်းအတွက် ပီတာရှမိုက်ကယ်က ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။
''အခုလို ပြုမူတာက ကာရစ်အပေါ် အလွန်တရာလေးစားမှုမရှိတဲ့လုပ်ရပ်လို့ ကျွန်တော် ထင်ပါတယ်။ အရိုးသားဆုံးပြောရရင် ကာရစ်အနေနဲ့ ဘာအမှားအယွင်းမှ လုပ်ခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး'' ဟု ပီတာရှမိုက်ကယ်က ပြောကြားခဲ့သည်။
ကာရစ်သည် ၎င်းအား ရာထူးမှ မထုတ်ပယ်သေးသည့်အတွက် ပုံမှန်အတိုင်း လေ့ကျင့်ရေးအစီအစဉ်များကို ဆက်လက်ဦးဆောင်လျက်ရှိပြီး အင်္ဂါ၊ ဗုဒ္ဓဟူး နှစ်ရက်ဆက်တိုက် လေ့ကျင့်ရေးကွင်းသို့ လာရောက်ခဲ့ကြောင်း သိရသည်။
ပီတာရှမိုက်ကယ်က ရလဒ်ဆိုးများကြောင့် ကာရစ်ကို ထုတ်ပယ်ရန် ဆုံးဖြတ်ခြင်းကို မိမိအနေဖြင့် သဘောတူလက်ခံသော်လည်း ယင်းသို့ ဆုံးဖြတ်မည်ဆိုပါက လေ့ကျင့်ကွင်းသို့ မလာရောက်စေသင့်တော့ကြောင်းလည်း ပြောကြားခဲ့သည်။
မန်ယူအသင်းတာဝန်ရှိသူများသည် ပိုချက်တီနိုကို သဘောတူညီမှုရယူပြီးမှ ကာရစ်နှင့်တွေ့ဆုံကာ ရာထူးမှ ထုတ်ပယ်ကြောင်း အသိပေးရန် စီစဉ်ထားသည်ဟု သိရသည်။

မူရင်းသတင်း — Eleven Media Group