
စပိန်ဒုတိယတန်းကလပ် တယ်နာရီဖယ်အသင်းက ဘောလုံးသမားချင်း ထိခိုက်မိရာမှ ကွယ်လွန်သွားခဲ့သည့် တိုက်စစ်မှူး ဂျီးဆပ်စ်ဒယ်မီဂေး၏ ကျန်ရစ်သူမိသားစုကို လျစ်လျူရှုထားမည်မဟုတ်ဘဲ ၎င်း၏ သမီးလေး အသက်(၁၈)နှစ်ပြည့်သည်အထိ ကူညီထောက်ပံ့ပေးသွားမည်ဟု ကတိပြုကြေညာခဲ့သည်။
၂၀၁၅ နွေရာသီကမှ တယ်နာရီဖယ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိခဲ့သည့် စပိန်တိုက်စစ်မှူး ဂျီးဆပ်စ်ဒယ်မီဂေးလ်သည် နိုဝင်ဘာ(၂)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော စပိန်ဒုတိယတန်းပွဲစဉ်တွင် အန်ဒိုရာဂိုးသမား အိုဝိုနိုနှင့် ထိခိုက်မိပြီး နိုဝင်ဘာ(၃)ရက်နေ့၌ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
၎င်းသည် ကွယ်လွန်ချိန်တွင် အသက်(၃၀)သာ ရှိသေးပြီး ဇနီးသည် မာရီယာနှင့် ကာလာဟု အမည်ရသည့် တစ်နှစ်အရွယ် သမီးငယ်လေး ကျန်ရစ်ခဲ့သည်။
ဂျီးဆပ်စ်ဒယ်မီဂေးလ်အနေဖြင့် ဘောလုံးကစားရင်း သေဆုံးခဲ့ခြင်းဖြစ်သည့်အတွက် အာမခံလျော်ကြေး ယူရို(၃၆၀၀၀၀)ရရှိမည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
တယ်နာရီဖယ်အသင်း၏ အဓိကရှယ်ယာရှင်ဖြစ်သည့် ရေကိုဂါစီယာကမူ ကာလာအနေဖြင့် မည်သည့်အခါမျှ တစ်ဦးတည်းဖြစ်နေမည်မဟုတ်ဘဲ မိမိတို့အနေဖြင့် အသက်(၁၈)နှစ်ပြည့်သည်အထိ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး အမှုဆောင်ချုပ်ဖြစ်သူ ပေါ်ရိုဂရန်နာဒို့စ်ကလည်း ဥပဒေကြောင်းအရ ပေးအပ်ရမည့် တာဝန်ဝတ္တရားထက် ပိုမိုကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။
ဂျီးဆပ်စ်ဒယ်မီဂေးလ်၏ မိသားစုကို ကူညီရန်အတွက် ဟာကျူလက်စ်တိုက်စစ်မှူး(တယ်နာရီဖယ်ကစားသမားဟောင်း) ဖရန်ဆိုးလ်ကလည်း အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေကောက်ခံမှု ပြုလုပ်ခဲ့ရာ ယူရို(၁၅၀၀၀၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကလပ်အသင်းအချို့က တယ်နာရီဖယ်အသင်းနှင့် ကစားမည့် အိမ်ကွင်းပွဲလက်မှတ်ရောင်းချရငွေ အားလုံးကို ကျန်ရစ်သူမိသားစုထံ ပေးအပ်လှူဒါန်းသွားမည်ဟု ကြေညာခဲ့ကြသည်။