
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်၏ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိရန် အသင်းအနေဖြင့် အချိန်ပေးရမည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အယ်လ်ဗာရက်ဇ်သည် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အခွင့်အရေးကောင်းအချို့ကို အသုံးမချနိုင်ခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများ ရှိခဲ့သည့်အတွက် ဆီမြွန်နီက ကာကွယ်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အက်သလက်တီကိုအသင်းသည် မနေ့ညက ယှဉ်ပြိုင်ခဲ့သည့် လာလီဂါပွဲစဉ်တွင် အိမ်ကွင်း၌ ဘာစီလိုနာအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အယ်လ်ဗာရက်ဇ်အနေဖြင့် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်း ပထမဆုံးရင်ဆိုင်ကစားရသည့်ပွဲ ဖြစ်သည်။
ယင်းပွဲတွင် အယ်လ်ဗာရက်ဇ်က အသင်းအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သော်လည်း အခွင့်အရေးကောင်းအချို့ကို ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
''ဂျူလီယန်အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ သူ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး အသင်းရဲ့ တခြားတိုက်စစ်လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှုလည်း ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး သူ ဂိုးသွင်းတာကို လိုချင်ပေမဲ့ စိတ်ရှည်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ထိပ်တန်းကစား ဖြစ်လို့ပါ။ ကျွန်တော်တို့ အောင်မြင်မှုရရှိဖို့အတွက် သူ့ရဲ့အကောင်းဆုံးပုံစံကို လိုအပ်ပါတယ်'' ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။
အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်သည် ပြီးခဲ့သည့်နွေရာသီကာလအတွင်း ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ရန် တောင်းဆိုမှုကြောင့် အသင်းတာဝန်ရှိသူများ၊ ပရိသတ်များနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ရသူဖြစ်သည်။