
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘရာဇီးလ်လူငယ်ပြိုင်ပွဲတစ်ခုတွင် အနီကတ် (၅၁)ကြိမ် ပြသခဲ့ပြီး ကမ္ဘာ့စံချိန်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ယခင်က အနီကတ်အများဆုံးပြသခံရသည့် ဘောလုံးပွဲအဖြစ် စံချိန်တင်ထားသည်မှာ ၂၀၁၁ ခုနှစ်က ယှဉ်ပြိုင်ခဲ့သည့် အာဂျင်တီးနားပြည်တွင်းပွဲစဉ်တစ်ခုတွင်ဖြစ်ပြီး အနီကတ်(၃၆)ကြိမ် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု အနီကတ်(၅၁)ကြိမ် ပြသခဲ့ရသည့် ဘောလုံးပွဲမှာ ဘရာဇီးလ်ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပထမအကျော့တွင်ဖြစ်ပြီး အူဘာလန်ဒီယာနှင့် မာမိုးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
ယင်းပွဲ၏ ပထမပိုင်းမှာပင် အူဘာလန်ဒီယာအသင်းမှ ကစားသမားနှစ်ဦးနှင့် မာမိုးအသင်း၏ ကစားသမားတစ်ဦး အနီကတ်ပြခံခဲ့ရပြီး ဒုတိယပိုင်းတွင်မူ နှစ်ဖက်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် နောက်ထပ်အနီကတ် (၄၈)ကြိမ် ပြသခဲ့ရခြင်းဖြစ်သည်။
မာမိုးအသင်းအတွက် တတိယဂိုးသွင်းယူခဲ့သည့် ကစားသမားက ပြိုင်ဘက်အရန်ခုံတန်းရှေ့တွင် သွားရောက်အောင်ပွဲခံခဲ့ခြင်းကြောင့် အူဘာလန်ဒီယာအသင်း၏ ဂိုးနည်းပြက ကွင်းအတွင်းဝင်ရောက်တွန်းထိုးခဲ့ရာမှ ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရန်ပွဲတွင် ဘောကောက်လူငယ်များပါ ပါဝင်ခဲ့ကြပြီး ထိုင်ခုံများ၊ လူနာတင်စင်များဖြင့်ပါ ရိုက်နှက်တိုက်ခိုက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ဝင်ရောက်တားဆီးခဲ့ရကြောင်း သိရသည်။
ရန်ပွဲကြောင့် ပွဲကို မိနစ်(၄၀)နီးပါး ရပ်နားထားခဲ့ရပြီးနောက် ဒိုင်လူကြီးက အနီကတ်များ ပြသအရေးယူခဲ့ခြင်းဖြစ်သည်။
ယင်းပွဲ၌ အနီကတ်ပြသခံရသည့်စာရင်းမှာ အူဘာလန်ဒီယာအသင်းမှ ကစားသမား(၂၂)ဦးနှင့် နည်းပြအဖွဲ့(၄)ဦး၊ မာမိုးအသင်းမှ ကစားသမား(၂၁)ဦးနှင့် နည်းပြအဖွဲ့(၄)ဦး ဖြစ်ကြောင်း သိရသည်။