
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တည်ဆောက်ဆဲ ရေတပ်အခြေစိုက်စခန်း၏ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုသို့ သွားရောက်စစ်ဆေးခဲ့ပြီး ယင်းစခန်းသည် ရေကြောင်းလုံခြုံရေးအတွက် အဓိကကျသော လုပ်ငန်းစဉ်ကြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ ရည်မှန်းချက်ကြီးမားသော ရေတပ်အင်အားတိုးချဲ့ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်နေချိန်တွင် ခေတ်အမီဆုံးနှင့် အင်အားအတောင့်တင်းဆုံး စစ်သင်္ဘောများ ပိုင်ဆိုင်ရမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ကင်က ကတိပြုပြောကြားခဲ့ပြီးနောက် ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီ နှစ်များအတွင်း တန်ချိန် ၅၀၀၀ ရှိ ဖျက်သင်္ဘောများကို တပ်တော်ဝင်ခြင်းနှင့် သင်္ဘောပေါ်မှ ပစ်လွှတ်သည့် ဒုံးကျည်များ စမ်းသပ်ခြင်းတို့ ပြုလုပ်ကာ ၎င်း၏ ရေတပ်ကို အဆင့်မြှင့်တင်လျက်ရှိသည်။
ကင်သည် ရေတပ်သင်္ဘောအုပ်စုကို နျူကလီးယားလက်နက်များ တပ်ဆင်ပေးရန်နှင့် ပိုမိုကြီးမားသည့် တန်ချိန် ၁၀၀၀၀ ရှိ စစ်သင်္ဘောများ တည်ဆောက်ရန်လည်း ကတိပြုထားသည်။
ကင်သည် အရှိန်အဟုန်မြှင့် တည်ဆောက်လျက်ရှိသော အရှေ့ဘက်ကမ်းရိုးတန်းရှိ အဓိက ရေတပ်အခြေစိုက်စခန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ကွင်းဆင်းလမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း KCNA ၏ အင်္ဂလိပ်ဘာသာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခေတ်မီ ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရေးသည် မိမိတို့နိုင်ငံ၏ လုံခြုံရေးနှင့် ရေကြောင်းအချုပ်အခြာအာဏာ ကာကွယ်ရေးတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အလွန်အရေးပါသော အဓိကလုပ်ငန်းစဉ်ကြီး ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း KCNA က ကိုးကားဖော်ပြထားသည်။
အရည်အသွေးပိုင်းဆိုင်ရာ စံနှုန်းများအတိုင်း မပျက်မကွက် ပြီးစီးအောင် တည်ဆောက်ရမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
KCNA မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်သည် ရေတပ်အရာရှိများ လိုက်ပါလျက် ပင်လယ်ကမ်းစပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုနေပုံကို တွေ့မြင်ရသည်။
ရေတပ်အခြေစိုက်စခန်းသစ်၏ တည်နေရာအတိအကျနှင့် အရွယ်အစား အပါအဝင် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ဖော်ပြခြင်း မရှိပေ။
နိုဝင်ဘာ ၉ ကလည်း မြောက်ကိုရီးယားသည် မြန်နှုန်းမြင့် တော်ပီဒို စနစ်သစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ ယင်းစနစ်ကို ၂၀၂၇ ခုနှစ် အစောပိုင်းတွင် ရေတပ်၌ စတင် အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားသည်။
နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်ကလည်း သင်္ဘောပေါ်မှ မြေပြင်သို့ ပစ်လွှတ်သည့် ဒုံးကျည်များနှင့် သင်္ဘောပေါ်မှ ဝေဟင်သို့ပစ်လွှတ်သည့် ဒုံးကျည် နှစ်မျိုးစလုံးကို သယ်ဆောင်ပစ်လွှတ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆထားသော တန်ချိန် ၅၀၀၀ ရှိ ဖျက်သင်္ဘောအမျိုးအစား စစ်ရေယာဉ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့သေးသည်။
Ref: AFP