Eleven Media Group

Nvidia ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့က စီအီးအို ဂျန်ဆန် ဟွမ်ကို ရာထူးမှ ဖယ်ရှားရန် ပြင်ဆင်နေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြ

Nvidia ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့က စီအီးအို ဂျန်ဆန် ဟွမ်ကို ရာထူးမှ ဖယ်ရှားရန် ပြင်ဆင်နေကြောင်း အမေရိကန်မီဒီယာများက နိုဝင်ဘာ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။

ဟွမ်သည် တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲခံထားရသော အမျိုးသမီးတစ်ဦးနှင့် အချစ်ဇာတ်လမ်းရှိခဲ့ကြောင်း ပေါ်ပေါက်လာပြီးနောက်ပိုင်း အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ စွပ်စွဲချက်အသစ်များနှင့် ထပ်မံရင်ဆိုင်နေရချိန်တွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့က ၎င်းအား ရာထူးမှ ဖယ်ရှားရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

Nvidia ကုမ္ပဏီကြီး၏ ဒါရိုက်တာဘုတ်အဖွဲ့သည် ဟွမ်၏ အနာဂတ်ကို ဆုံးဖြတ်ရန်အတွက် နိုဝင်ဘာ ၁၁ ရက်တွင် အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်ခဲ့ကြကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများကို ကိုးကားပြီး Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။

New York Times သတင်းစာကလည်း ဟွမ်သည် လက်အောက်ငယ်သား တစ်ဦးနှင့် ဒုတိယမြောက် အိမ်ထောင်ရေးဖောက်ပြန်မှုတွင် ပါဝင်ပတ်သက်နေကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ဖော်ပြခဲ့ပြီး အသက် ၆၃ နှစ်အရွယ် ဟွမ်သည် Nvidia ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ကင်ဘာလေ ပါဝဲလ်နှင့် ရင်းနှီးကြည်နူးစွာပြုမူနေသည့် ဗီဒီယိုသက်သေ ရှိနေကြောင်း ပြောကြားခဲ့သည်။

အသက် ၄၈ နှစ်အရွယ် ပါဝဲလ်သည် Nvidia ၏ ချစ်ပ်နည်းပညာကို အဆင့်မြင့်ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများသို့ တိုးချဲ့ရန် ကြိုးပမ်းမှုများတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့ ၌ ကျင်းပသည့် ညီလာခံတစ်ခုတွင် ၎င်းမိန့်ခွန်းပြောကြားနေစဉ် ကာလအတွင်း ဟိုတယ်၌ ၎င်းတို့နှစ်ဦး အလွန်ရင်းနှီးစွာနေကြသည်ကို အနီးအနားရှိသူများက တွေ့မြင်ခဲ့ကြကြောင်း New York Times က ဖော်ပြခဲ့သည်။

စင်ကာပူအခြေစိုက် ဒေတာစင်တာကုမ္ပဏီ Megaspeed မှ အကြီးတန်း အမှုဆောင်အရာရှိ တစ်ဦးဖြစ်သူ အဲလစ် ဟွမ်နှင့် ဆက်ဆံရေး ရှိခဲ့ကြောင်း ဂျန်ဆန် ဟွမ်က ဝန်ခံပြောကြားပြီးနောက် ယခု ဒုတိယမြောက် အိမ်ထောင်ရေးဖောက်ပြန်မှုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဟွမ်နှင့် အဲလစ်ဟွမ်တို့နှစ်ဦးသည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် တိုင်ပေမြို့၌ အတူရှိနေသည့် ဓာတ်ပုံရှိခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

အဲလစ် ဟွမ်သည် တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာန၏ သူလျှိုအေးဂျင့်တစ်ဦးဖြစ်ကြောင်း စွပ်စွဲထားသည့် မှတ်တမ်းတစ်စောင်ကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြီးခဲ့သည့် နွေဦးရာသီအတွင်း ဖြန့်ဝေခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

Nvidia အမှုဆောင်အရာရှိချုပ် ဟွမ်သည် နိုဝင်ဘာ ၈ ရက်က Nvidia ဝန်ထမ်းများထံ ပေးပို့သော မက်ဆေ့ချ်တစ်စောင်တွင် ၎င်းနှင့် ဆွေမျိုး တော်စပ်ခြင်းမရှိသည့် အဲလစ် ဟွမ်နှင့် ပတ်သက်မှု ရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး "ကျွန်တော် ဇနီးသည်အပေါ် သစ္စာဖောက်ခဲ့မိပါတယ်" ဟု ရေးသားဖော်ပြခဲ့သည်။

ထိုနေ့တစ်ရက်တည်းမှာပင် Nvidia ၏ ဒါရိုက်တာဘုတ်အဖွဲ့က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ၌ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ်သည် ပြည်ပထောက်လှမ်းရေး လုပ်ငန်းစဉ်တစ်ခု၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်ဆိုသည့်သတင်းဖော်ပြချက်များအရ ကုမ္ပဏီဘက်က လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော် စုံစမ်းစစ်ဆေးမှုကို ထောက်ခံပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ကုမ္ပဏီကို ကျွန်တော် ချစ်မြတ်နိုးပါတယ်" ဟု ဟွမ်က ၎င်း၏ ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

အဲလစ် ဟွမ်နှင့် ၎င်း၏ ထိတွေ့ဆက်ဆံမှုများနှင့် ပတ်သက်ပြီး တံခါးပိတ် ရှင်းလင်းတင်ပြမှု ပြုလုပ်ပေးရန် အမေရိကန် ကွန်ဂရက်လွှတ်တော်ကလည်း ၎င်းအား ဆင့်ခေါ်ထားကြောင်း New York Times က ဖော်ပြခဲ့သည်။

AI လုပ်ငန်းနယ်ပယ် အရှိန်အဟုန်မြင့်တက်လာမှုကြောင့် Nvidia ၏ စတော့ရှယ်ယာ ဈေးနှုန်းများ စံချိန်တင် မြင့်တက်လာသည်နှင့်အမျှ ဟွမ်သည် အိမ်ဖြူတော် အခမ်းအနားများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အနီး၌ ရှိနေခဲ့ပြီး၊ ပြီးခဲ့သည့်လကပင် ထရန့်ထံမှ အမျိုးသား သိပ္ပံဆုတံဆိပ်ကို လက်ခံရရှိခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group