Kanbawza Tai News

Trump အစိုးရက အမေရိကန် ၆ ဒသမ ၃ သန်းအတွက် အစားအသောက်ထောက်ပံ့မှု လျှော့ချရန် လုပ်ဆောင်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး အစားအသောက် ထောက်ပံ့ရေး အစီအစဉ် ဖြစ်တဲ့ SNAP ကနေ လူသန်းနဲ့ချီကို ထပ်မံဖယ်ရှားနိုင်မယ့် စည်းမျဉ်းသစ် တစ်ရပ်ကို အင်္ဂါနေ့မှာ အဆိုပြုလိုက်ပါတယ်။ ဒါဟာ အစိုးရရဲ့ အရင်က ဖြတ်တောက်မှုတွေကြောင့် SNAP ရရှိသူ အရေအတွက် ကျဆင်းနေချိန်မှာ ထပ်မံလုပ်ဆောင် လာတာ ဖြစ်ပါတယ်။

အမေရိကန် စိုက်ပျိုးရေးဌာန ( USDA) ရဲ့ အဆိုပြုချက်အရ အခက်အခဲရှိတဲ့ မိသားစုတွေကို ငွေကြေးအကူ အညီပေးတဲ့ TANF အစီအစဉ်ကနေ ထောက်ပံ့ကြေးရရှိနေတဲ့ အိမ်ထောင်စုတွေကို SNAP အစားအသောက်ထောက်ပံ့မှု အလို အလျောက်ရရှိခွင့်ကို ကန့်သတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ TANF အကူအညီရရှိသူတွေဟာ ပြည်ထောင်စုအစိုးရ သတ်မှတ်ထားတဲ့ ဝင်ငွေကန့်သတ် ချက်နဲ့ ကိုက်ညီဖို့ မလိုဘဲ SNAP ကို ရရှိနိုင်ပါတယ်။ TANF ရရှိခွင့်က ပြည်နယ်အလိုက် ကွာခြားပေမယ့် ယေဘုယျအားဖြင့် ဆင်းရဲ နွမ်းပါးမှုအဆင့်ရဲ့ ၁၃၀ ရာခိုင်နှုန်းကနေ ၂၀၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထား ပြီး SNAP ကတော့ ယေဘုယျအားဖြင့် ၁၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါတယ်။

USDA ရဲ့ အဆိုပြုချက်အရ SNAP ရရှိသူတွေရဲ့ ၁၈ ရာခိုင်နှုန်းနီးပါး၊ လူဦးရေအားဖြင့် ၆ ဒသမ ၃ သန်းခန့်ဟာ အစားအသောက်ထောက်ပံ့မှု ဆုံးရှုံးနိုင်တယ်လို့ ဌာနရဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

USDA ကတော့ ဒီပြောင်းလဲမှုကြောင့် SNAP ရရှိခွင့် သတ်မှတ်ချက်တွေ ပိုမိုတစ်ပြေးညီဖြစ်လာပြီး တကယ် လိုအပ်နေသူတွေအတွက် အကျိုးခံစားခွင့်တွေကို ထိန်းသိမ်းပေးနိုင်မယ်လို့ ပြောထားပါတယ်။

ထရမ့်က ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အခွန်ဥပဒေကနေတစ်ဆင့် SNAP အစီအစဉ်ကို ဖြတ်တောက်ခဲ့ပြီး နောက် လူ ၅.၅ သန်းကျော်ဟာ SNAP အကျိုးခံစားခွင့်တွေ ဆုံးရှုံးခဲ့ပြီး လက်ရှိ SNAP ရရှိသူက လူ ၃၆ သန်းခန့်အထိ ကျဆင်းလာ တယ်လို့ USDA ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒီလို SNAP ရရှိသူ လျော့ကျလာတာဟာ အစီအစဉ်နဲ့ပတ်သက်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြောင်းလဲမှုတွေကို ပြည်နယ် တွေက အကောင်အထည်ဖော်ရာမှာ အခက်အခဲရှိတာနဲ့ ထရမ့်ရဲ့ ဥပဒေကြောင့် ဖြစ်လာတဲ့ ကုန်ကျစရိတ်အသစ်တွေ ကို ပြည်နယ်တွေက ထပ်မံခံယူနေ ရတာတွေကြောင့်လည်း ဖြစ်ပါတယ်။

SNAP ရရှိထားတာက အခြားအစားအသောက်အကူအညီအစီအစဉ်တွေအတွက်လည်း အကျုံးဝင်ခွင့်ရစေတဲ့အတွက် USDA ရဲ့ အဆိုပြုချက်အရ ကလေး ၁.၈ သန်းဟာ အခမဲ့ကျောင်း နေ့လယ်စာ ရရှိခွင့်ကိုပါ ဆုံးရှုံးနိုင်ပါတယ်။

မင်နီဆိုတာပြည်နယ် ဒီမိုကရက်တစ်အောက်လွှတ်တော်အမတ် အန်ဂျီ ခရေဂ်က ဒီစည်းမျဉ်းသစ်ကို “ရက်စက်ပြီး အကြင်နာမဲ့တယ်” လို့ ဝေဖန်ခဲ့ပါတယ်။ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပိုခက်ခဲ လာစေပြီး ဖက်ဒရယ်အစိုးရ အစီအစဉ်တွေကို ရိုးရှင်းအောင်လုပ်နေတဲ့ ကြိုးပမ်းမှုတွေကို နောက်ပြန်ဆုတ်စေမယ်လို့လည်း သူက ပြောပါတယ်။

ဒီအဆိုပြုစည်းမျဉ်းနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ရက် ၃၀ အတွင်း သဘောထားမှတ်ချက်တွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Ref – Reuters

မူရင်းသတင်း — Kanbawza Tai News