
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး စပါးစိုက်ဧက ၁၉၀၀ ကျော်အပြင် စိုက်ပျိုးသီးနှံစိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ကျောက်တလုံးကြီးမြို့တွင် စပါးစိုက်ဧက ၄၈၉ ဧက၊ ရွှေညောင်မြို့တွင် ၃၄ ဧက၊ ရပ်စောက်မြို့နယ်တွင် ၅၆၃ ဧက၊ ဟိုပုံးမြို့နယ်တွင် ၁၆၉ ဧကနှင့် ဆီဆိုင်မြို့နယ်တွင် ၆၅၈ ဧက၊ စုစုပေါင်း စပါးစိုက်ဧက ၁၉၇၄ ဧက ရေနစ်မြုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စပါးစိုက်ခင်းများအပြင် အခြားသီးနှံများဖြစ်သည့် နေကြာ စိုက်ခင်း ၅၃ ဒသမ ၂၃ ဧက၊ အာလူးစိုက်ခင်း ၁၀ ဧကနှင့် ကြက်သွန်စိုက်ခင်း ၂ ဧကတို့တွင်လည်း ရေဝင်ရောက်မှုများ ရှိနေကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးအား ဆက်သွယ်မေးမြန်းရာတွင် စာရင်းပြုစုနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့အပြင် တောင်ကြီးမြို့အပါအဝင် ရှမ်းတောင်ဒေသအတွင်းရှိ မြို့နယ်များတွင် လမ်းနှင့် တံတားများ ပျက်စီးမှု၊ ခြံစည်းရိုး၊ အုတ်တံတိုင်းပြိုကျပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရှမ်းတောင်ဒေသရှိ မြို့နယ် ၄ ခုမှ အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၁၄၀၀ ကျော် ရေဘေးသင့်နေပြီး အိမ်ထောင်စု ၄၈၅ စုမှ လူဦးရေ ၁၅၃၇ ဦးကို ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရပြီး ကျန်မြို့နယ်များတွင်လည်း ရေဘေးသင့် ရွှေ့ပြောင်းရသူများ ရှိနေကြာင်း သိရသည်။